မန္တလေး၊ ဇူလိုင် ၂၅၊ ၂၀၂၅ ။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန်းမြို့စျေးအနီး၊ ၃၉ လမ်း၊ ၈၄ – ၈၅ ကြား ရှိ ရွှေနန်းသုခရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇူလိုင် ၂၄ ရက် မနေ့ညနေ ၄ နာရီကျော်မှာ အဲ့ဒီရွှေဆိုင်ကို ကား ၁ စီးနဲ့ရောက်လာတဲ့ အမည်မသိလက်နက်ကိုင် ၆ ဦးလောက်က ဓားပြတိုက်ခဲ့ပြီး ရွှေဆိုင်လုံခြုံရေးဝန်ထမ်းအချို့ကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
” ကျနော်တို့သိတာက ဓားပြတိုက်တာလို့ သိရတယ်။ ထိခိုက်တာက ဆိုင်ကဝန်ထမ်းတွေပဲ။ အပြန်အလှန်လည်း ပစ်ခတ်မှုဖြစ်သေးတယ်။ ဝန်ထမ်းတွေထိတာကတော့ စိုးရိမ်စရာတော့မရှိဘူး” လို့ ဖြစ်စဥ်ကိုသိထားတဲ့ မန္တလေးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
လက်နက်ကိုင်တွေက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ရွှေဆိုင်လုံခြုံရေးဝန်ထမ်း အသက် ၅၅ နှစ်အရွယ် ဦးဝေမျိုးညွန့်၊ အသက် ၂၄ နှစ်အရွယ် ကိုဇော်လင်းနိုင်တို့ လက်နဲ့ခြေထောက်တွေမှာ ကျည်ထိမှန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
ဆိုင်လုံခြုံရေးတွေကို ပစ်ခတ်ပြီးနောက် ဆိုင်အတွင်းက ရွှေနဲ့စိန်ထည်အများအပြားကို ဓားပြတိုက်သူတွေက ယူဆောင်သွားပြီး ဆုံးရှုံးမှုတန်ဖိုးအသေးစိတ်ကိုတော့ မသိရကြောင်း အထက်ပါမြို့ခံက ပြောပါတယ်။
ရွှေဆိုင်ဓားပြတိုက်ပြီးပြန်အထွက်မှာ ဓားပြတိုက်တဲ့အဖွဲ့တွေနဲ့ ရွှေဆိုင်အနီး မန်းမြို့မစျေးတာဝန်ကျစစ်ကောင်စီလက်အောက်ရဲတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပေမယ့် ဓားပြတိုက်သူတွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဧပြီ ၂၉ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃×၁၀၄ လမ်းကြား၊ ၅၅ လမ်းပေါ်ရှိ “ရွှေဇာမဏီ”ရွှေဆိုင်ဓါးပြတိုက်ခံရပြီး ရွှေ ၂၀ ကျပ်သားကျော်ပါသွားတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ