ကျောက်တံခါး၊ ဩဂုတ် ၂၅၊ ၂၀၂၅
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ အိမ်စီးကားက လမ်းလယ်ကျွန်းကိုဝင်တိုက်ပြီး ကားပေါ်ပါလာတဲ့ အမျိုးသား ၂ ဦးသေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။
ဩဂုတ် ၂၄ ရက်နေ့လယ် ၂ နာရီခန့်မှာ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို ယာဥ်မောင်း ဦးမင်းသန့် မောင်းလာတဲ့ Nissan Wingroad အမျိုးအစား အဖြူရောင်ယာဉ်ဟာ လမ်းအတိုင်းမောင်းနှင်လာရာ မိုင်တိုင်အမှတ် ၈၀/၅ အနီးအရောက်မှာ လမ်းလယ်ကျွန်းကို ဝင်တိုက်မိခဲ့တာလို့ဆိုပါတယ်။

“လမ်းလယ်ကျွန်းမှာရှိတဲ့ ထန်းပင်ကို ဝင်တိုက်မိတာ။ ကားအရှေ့ဘီးပေါက်ပြီးတော့ လမ်းလယ်ကျွန်းကို ဝင်တိုက်တာ။ ၂ ယောက်စလုံးက နေရာမှာ သေသွားတယ်။ ကားပေါ်မှာလည်း ၂ ယောက်ပဲပါတာ”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် သေဆုံးသူတွေက အသက် ၅၅ နှစ်အရွယ်တွေဖြစ်ကြပြီး ပြင်ဦးလွင်မှာနေထိုင်သူ ယာဥ်မောင်းသူ ဦးမင်းသန့် နဲ့ မကွေးမှာနေထိုင်သူ ဦးဝင်းမျိုးအောင် တို့ဖြစ်ကာ အလောင်းတွေကိုတော့ မြို့ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရတယ်လို့ သိရပါတယ်။

သေဆုံးသူ ၂ ဦးနဲ့ပတ်သက်ပြီး မိသားစုဝင်တွေနဲ့အဆက်အသွယ်ရ၊ မရကိုတော့ မသိရသေးဘဲ သက်ဆိုင်ရာနယ်မြေရဲအဖွဲ့တွေက ဆက်လက်ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ယာဥ်တိုက်မှုအရှိန်ကြောင့် မော်တော်ယာဥ်ကိုယ်ထည် ပိန်ချိုင့်ပျက်စီးခဲ့သည့်အပြင် ရှေ့နောက်လေကာမှန်နဲ့ ဘယ်ညာဘေးတံခါးမှန်တွေကွဲကြေခဲ့ပြီး ယာဥ်ခေါင်းပိုင်းလည်း ပျက်စီးခဲ့တယ်လို့သိရပါတယ်။
ဩဂုတ် ၁၇ ရက်ကလည်း ပဲခူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ကုန်တင်ယာဥ် ၂ စီးတိုက်မိလို့ အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း