မြေလတ်အသံ၊ အောက်တိုဘာ ၂၂၊ ၂၀၂၅။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း စတင်တည်ဆောက်ခဲ့သည့် DI (Defence Industry) ခေါ် လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစတပ်များတွင် ငဖဲ အခြေစိုက် ကပစ ၁၄ သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်သည်။
ရခိုင်ရိုးမကို နောက်ခံထားတည်ဆောက်ထားသည့် ကပစ ၁၄ သည် အခြားကပစများနှင့်မတူ ထူးခြားသည့် ဝိသေသများရှိသည်။
လက်နက်ထုတ်လုပ်ရေးစက်ရုံများအား ရခိုင်ရိုးမကြီးအောက်တွင် အမြင့် ၆ မီတာ (ပေ ၂၀ ခန့်) မြေအောက်ဥမင်လိုဏ်ခေါင်း (Tunnel) တူး၍ ဆောက်လုပ်ထားပြီး ၎င်းမြေအောက်ဥမင်လိုဏ်ခေါင်းသည် ရခိုင်ရိုးပေါ်ရှိ ရှောက်ရင်းရွာတောင်ကြောနှင့် တဆက်တည်းတည်ရှိသည်။
အကျယ်အဝန်းသည် “ဘောလုံးကွင်းကြီး ၆ ကွင်းစာလောက် ကျယ်တယ်” ဟု ကပစ ၁၄ တွင် ၁၅ နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့ဖူးသူအရာရှိဟောင်း က ခိုင်းနှိုင်းပြသည်။
လိုဏ်ခေါင်းအတွင်း လက်နက်ထုတ်လုပ်ရေးစက်ရုံ ၈ ရုံ၊ စက်ရုံများသို့ ဆက်သွယ်သည့်လမ်းများ၊ လျှပ်စစ်မီးစနစ်နှင့် ရေ၊ လေအေးပေးစနစ်များကို သီးခြားစီ ထည့်သွင်းတည်ဆောက်ထားပြီး လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
“ အဲ့ဒီနေရာကို အပေါ်ကနေ လေယာဥ်နဲ့ ဗုံးကြဲလည်းဘာမှမဖြစ်ဘူး။ အောက်ကို မပေါက်အောင် ဆောက်ထားတာ။ (လျှပ်စစ်)မီးပျက်တဲ့အချိန်ဆို အပိတ်ပဲ အထဲမှာ ဘာမှမမြင်ရဘူး။ ဒါပေမယ့် မီးမရှိတာက နေလို့ရသေးတယ်။ ရေနဲ့ လေအေးပေးတဲ့ စနစ်ပျက်ရင် ဘာမှလုပ်မရတော့ဘူး ” ဟု ပြောသည်။

ပြင်ပတွင်လည်း လက်နက်ထုတ်လုပ်ရေးစက်ရုံအဆောက်အဦ အများအပြားရှိသေးသော်လည်း မြေအောက်ဥမင်လိုဏ်ခေါင်းအတွင်းရှိ စက်ရုံများသည် အဓိကလျှို့ဝှက်ထုတ်လုပ်ရသည့် စက်ရုံများဖြစ်၍ ၎င်းနေရာအား Main Building ဟု ခေါ်ဆိုကြကာ ကပစ ၁၄ မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တိုင်းသွားရောက်ခွင့်မရှိ။
တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် တိုက်ရိုက်ပတ်သက်မှုရှိသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများကိုသာ ဝင်ရောက်ခွင့်ပြုထားသည့် ကန့်သတ်နယ်မြေလည်း ဖြစ်သည်။
စစ်တပ်လက်နက်ထုတ်လုပ်ရေးစက်ရုံများအနက် ကပစ ၁ မှ ၁၃ အထိသည် ၂၀၀၀ ပြည့်နှစ်မတိုင်မီ တည်ထောင်ခဲ့သည့် စက်ရုံများဖြစ်ပြီး MA 1 မှ 15 အထိ လက်နက်ငယ်/လက်နက်ကြီးများ ၊ ၎င်းတို့၏ အစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းများ၊ လက်နက်ကြီး၊ လက်နက်ငယ် ကျည်ဆန်၊ ဗုံးသီးများ ခဲယမ်းများအဓိက ထုတ်လုပ်သည့် စက်ရုံများဖြစ်သည်။
ကပစ ၁၄ မှ ၂၅ အထိ လက်နက်စက်ရုံများသည် ၂၀၀၀ မှ ၂၀၁၀ အကြားတွင် ရှေ့ဆင့်နောက်ဆင့်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ကပစ ၂၅ သည် ၂၀၁၀ တွင် ဖွင့်လှစ်ခဲ့သည့် နောက်ဆုံးစက်ရုံဖြစ်သည်။
ယင်းစက်ရုံများသည် မူလအစောပိုင်းများတွင် ထုတ်လုပ်နေသည့် ကပစစက်ရုံများကဲ့သို့ မြေပြင်တိုက်ခိုက်ရေးအတွက် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများကို အဓိကထားထုတ်လုပ်မည့်စက်ရုံများမဟုတ်။
မူလထက်တဆင့်မြင့်သည့် မြေပြင်မှဝေဟင်ပစ်အမြောက်ကြီးများ၊ မြေပြင်မှပစ်ခတ်သည့် လေကြောင်းရန်ကာကွယ်ရေးလက်နက်များ၊ ရေတပ်သင်္ဘောများတွင် တပ်ဆင်ပစ်ခတ်သည့် လေကြောင်းရန်ကာကွယ်ရေးလက်နက်များနှင့် တိုက်လေယာဥ်များတွင် တပ်ဆင်ပစ်ခတ်နိုင်မည့် စွမ်းအားမြင့်ဗုံးများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု လုပ်သက်ရင့်ကပစတပ်ဖွဲ့ဝင်ဟောင်းများထံက သိရသည်။
“ ၁၄ (ကပစ) က ဦးသန်းရွှေ(တပ်ချုပ်ဟောင်း) နဲ့ ဗိုလ်ချုပ် ခင်မောင်ဝင်း(ထုတ်ချုပ်ဟောင်း) ပေါင်းပြီး ဆောက်ခဲ့တဲ့တပ်ပေါ့။ ဒီလက်နက်တွေ စထုတ်နိုင်တဲ့ကာလက သူကိုယ်တိုင်လာကြည့်တာ။ ခုချိန်ကျသွားလို့ကတော့ အဘိုးကြီး(ဦးသန်းရွှေ) တော်တော် ရှော့(shock) ရသွားနိုင်တယ်”

ဥမင်လိုဏ်ခေါင်းကြီးကို ဘယ်သူတွေနဲ့တည်ဆောက်ခဲ့သလဲ
၎င်းဥမင်လိုဏ်ခေါင်းကို ကပစ ၁၄ စတင်တည်ဆောက်ချိန် ၂၀၀၁ ဝန်းကျင်တွင် အမှတ် ၄ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် (ဆအတ ၄) မှ ဦးဆောင်ပြီး ၄ နှစ်ကြာ တည်ဆောက်ခဲ့ကာ ၂၀၀၄ တွင် ပြီးစီးခဲ့သည်။
GE 4 ဟု လူသိများသည့် အမှတ် ၄ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်သည် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့အခြေစိုက်ဖြစ်ပြီး စစ်အာဏာမသိမ်းမီကာလများအထိ ကပစစက်ရုံများတည်ဆောက်မှုတွင် လက်ရှိအထိ စက်ရုံနှင့် လူနေအဆောက်အဦတချို့အား တာဝန်ယူတည်ဆောက်နေဆဲဖြစ်ကြောင်း ကပစ ၂၅ တွင် တာဝန်ထမ်းဆောင်ဖူးသူ တပ်ဖွဲ့ဝင်ဟောင်းတဦးကလည်း ပြောသည်။
၂၀၁၀ နောက်ပိုင်းကာလများတွင် ကပစတပ်အသစ်များ၏ လမ်းပိုင်းများကို SOE & SONS ၊ နိုင်မင်းကုမ္ပဏီတို့က ဖောက်လုပ်ပြီး၊ လူနေအဆောက်အဦနှင့် စက်ရုံအဆောက်အဦများကို ချမ်းဟိန်းကုမ္ပဏီ၊ Asia Metal Company (AMC) (ယခု မင်းဓမ္မကုမ္ပဏီ) တို့က အဓိကတည်ဆောက်ပေးခြင်းဖြစ်သော်လည်း အရေးကြီးလျှို့ဝှက်စက်ရုံအဆောက်အဦများပါဝင်ပါက ၎င်းနေရာများအား GE – 4 က တာဝန်ယူတည်ဆောက်ခြင်း ဖြစ်သည်။
လက်ရှိတွင် တော်လှန်ရေးတပ်များ၏ နယ်မြေစိုးမိုးထားနိုင်မှုများကြောင့် ဆောက်လုပ်ဆဲ ကပစတပ်များဖြစ်သည့် ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်အခြေစိုက် ကပစတပ်များတွင် လက်နက်ထုတ်လုပ်ရေးနှင့် စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်ထားရသည်။
ကပစ ၁၄ မှ ဥမင်လိုဏ်ခေါင်းကြီးအား GE 4 မှ အင်ဂျင်နီယာ ဗိုလ်မှူးကြီး(ဟောင်း) ကံချွန် နှင့် ဝန်ထောက်အရာခံဗိုလ်(ဟောင်း) တင့်ဆန်းတို့မှ တာဝန်ယူတည်ဆောက်ခဲ့ကာ ဥမင်လိုဏ်ခေါင်းဖောက်လုပ်နေမှု သတင်းလုံခြုံရေးနှင့် ပြင်ပသို့ပေါက်ကြားမှုမရှိစေရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ၎င်းတို့ ယုံကြည်စိတ်ချရသူများကိုသာ ရွေးချယ်အသုံးပြုခဲ့သည်ဟု ဆိုသည်။
“ ဝန်ထောက် (အရာခံဗိုလ်တင့်ဆန်း) က ကမ္မ(မြစ်ခြေ) ဇာတိ။ အဲ့တာကြီးဆောက်တုန်းက ငဖဲနားကအရပ်သားတွေတယောက်မှ ခေါ်မသုံးဘူး။ သူ့ဇာတိ ကမ္မဘက်က သူယုံကြည်ရတဲ့သူတွေနဲ့ပဲ ဆောက်သွားတာ။ အဲ့ကာလက ငဖဲမှာ ငှက်ဖျားအရမ်းပေါတာ။ သူ့လူတွေထဲကမှ လုပ်ငန်းခွင်ထဲ မတော်တဆနဲ့ သေတာဖြစ်ဖြစ်၊ ငှက်ဖျားနဲ့သေတာ ဖြစ်ဖြစ် အလုပ်သမားတွေသေရင် တခါတည်းဥမင်လိုဏ်ခေါင်းထဲ ကပ်မြှုပ်ခဲ့တာ ” ဟု အထက်ပါ ကပစ ၁၄ မှ အရာရှိဟောင်းက ရှင်းပြသည်။
ကပစ ၁၄ ဘာတွေထုတ်သလဲ
Director Of Defence Industries – DDI ခေါ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး(ကကထုတ်) ကို နေပြည်တော်၊ စစ်ရုံးတွင် ရုံးအမှတ် ၁၁ သို့မဟုတ် အဆောင် ၁၁ ဟုခေါ်ဆိုကြပြီး ထုတ် ၁ မှ ထုတ် ၁၃ အထိ ဌာနကြီး ၁၃ ခုဖြင့်ဖွဲ့စည်းထားကာ ဌာနကြီး ၆ ခုခန့်တွင် ဌာနကြီးမှူး ဗိုလ်မှူးချုပ်များကို သီးခြားခန့်အပ်ထားသည်။
ကပစ ၁၄ သည် ကကထုတ်၏ ဌာနကြီး ၁၃ ခု ရှိသည့်အနက် ဒုံးလက်နက်ဌာနကြီး ( ထုတ် – ၆ ) လက်အောက် လက်နက်ထုတ်လုပ်ရေးစက်ရုံဖြစ်သည်။ ဒုံးလက်နက်ဌာနကြီးတွင် ကပစ ၁၄ အပြင် ကပစ ၂၁၊ ကပစ ၂၃ တို့ဖြင့် ဖွဲ့စည်းထားသည်။
ဒုံးလက်နက်ဌာနကြီးလက်အောက်တပ် ဖြစ်သည့်အလျောက် လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက် အစိတ်အပိုင်းများ နှင့် ဆက်စပ်ပစ္စည်းများကို အဓိကထုတ်လုပ်ရသည်။
ကပစ ၁၄ မှ အဓိကထုတ်လုပ်သည့်လက်နက်သည် ပုခုံးထမ်းပစ်ခတ်နိုင်သည့် SAM 16 Igla Anti Aircraft Missile ( Air to Air and Ground to Air) လေကြောင်းရန်ကာကွယ်ရေးလက်နက်အမျိုးအစားဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံ၏အကူအညီဖြင့်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါအရာရှိဟောင်းက ပြောသည်။

၎င်းလက်နက်အား ကပစ ၁၄ တွင် ပြီးမြောက်သည်အထိထုတ်လုပ်နိုင်ရန် ဆယ်စုနှစ်တခုကျော်ကြာခဲ့ပြီး အဆင့် ၃ ဆင့်ဖြင့် မြောက်ကိုရီးယားနိုင်ငံသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ရသည်ဟု ဆိုသည်။
ကနဦးအဆင့်အနေဖြင့် ၂၀၀၃ ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံမှ အထက်ပါလက်နက် ၅၀၀ လက် ဝယ်ယူခဲ့ကာ လက်နက်များအား အစိတ်အပိုင်းများဖြုတ်ယူ၍ ကပစ ၁၄ သို့သယ်ဆောင်လာပြီးနောက် ၎င်းစက်ရုံသို့ ခေါ်ဆောင်ထားသည့် မြောက်ကိုရီးယားနိုင်ငံသားများ၏အကူအညီဖြင့် ပြန်လည်တပ်ဆင်မှုများသာ စတင်ပြုလုပ်ခဲ့သည်။
ဒုတိယအဆင့်အဖြစ် နောက်ထပ်အလက် ၅၀၀ ထုတ်လုပ်မှုကို ၂၀၀၈ ဝန်းကျင်တွင် ထပ်မံလုပ်ဆောင်ခဲ့ပြီး ၎င်းအဆင့်တွင် လက်နက်၏အရေးကြီးအစိတ်အပိုင်းတချို့သာ မြောက်ကိုရီးယားမှဝယ်ယူပြီး ကျန်အစိတ်အပိုင်းများကို ကပစ ၁၄ တွင် ထုတ်လုပ်ခြင်းနှင့် ကိုယ်တိုင်တပ်ဆင်ခြင်းများလုပ်ဆောင်ကာ တဆင့်မြှင့်တင်ခဲ့သည်။
ထို့နောက် တတိယအဆင့်အနေဖြင့် ၂၀၁၂ ဝန်းကျင်တွင် နောက်ထပ်အလက် ၅၀၀ ကို ထပ်မံထုတ်လုပ်နိုင်ခဲ့ပြီး ၎င်းအဆင့်တွင် ကပစ ၁၄ မှ လက်နက်တခုလုံး၏ အစိတ်အပိုင်းအားလုံးနှင့် တွဲဖက်ပစ်ခတ်သည့် ဒုံးကျည်တို့ကို အစအဆုံးအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
Igla လက်နက်များအပြီးသတ်ထုတ်လုပ်နိုင်ပြီးနောက် ၂၀၁၂ ခုနှစ်အတွင်းမှ မြောက်ကိုရီးယားနိုင်ငံသားများ ပြန်လည်ထွက်ခွာသွားပြီး ဆယ်စုနှစ် ၁ ခုနီးပါးကြာ နေထိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ထုတ်လုပ်နိုင်ခဲ့သည့် လက်နက်စုစုပေါင်း ၁,၅၀၀ လက်အား လေကြောင်းရန် ကာကွယ်ရေးတပ်၊ ရေနှင့်လေတပ်များသို့ ဖြန့်ဝေထားပြီးဖြစ်ကာ လက်ရှိတွင် ၎င်းလက်နက်များ ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ပါက ပြန်လည်ပြင်ဆင်သည့်လုပ်ငန်းများကို ကပစ ၁၄ က ဆက်လက်လုပ်ဆောင်ပေးနေသည်ဟု ဆိုသည်။
“ ဗိုလ်ချုပ်ကြီး သိန်းဌေး (ထုတ်ချုပ်ဟောင်း) မြောက်ကိုရီးယားသွားလို့ Sanction (ပိတ်ဆို့အရေးယူမှု) လုပ်ခံရတာ ကပစ ၁၄ နဲ့အများကြီးဆိုင်တယ်။ အဲ့တုန်းက ပထမပရောဂျက် အလက် ၁,၅၀၀ ပြီးလို့ နောက် ပရောဂျက်အတွက်သွားတာ။ နောက်ပရောဂျက်က Air to Air Missile, Laser Beam Guided Anti-tank Missile နဲ့ Propellant Powder ” လို့ အထက်ပါသတင်းရင်းမြစ်က ပြောသည်။
စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်(ထုတ်ချုပ်) တာဝန်များရယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး သည် ၂၀၁၃ ခုနှစ်အတွင်း လက်နက်ဝယ်ယူရေးကိစ္စရပ်များဖြင့် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည့် ခရီးစဥ်ကြောင့် အမေရိကန် နှင့်အနောက်နိုင်ငံများက အမည်ပျက်စာရင်းသွင်းကာ ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။
ကပစ ၁၄ ထုတ် SAM 16 Igla Anti Aircraft Missile ဘယ်လိုလက်နက်မျိုးလဲ
ကပစ ၁၄ မှ ထုတ်လုပ်သည့် Igla လေကြောင်းရန်ကာကွယ်ရေးလက်နက်သည် Surface to Air Missile ( SAM 16 Igla Anti Aircraft Missile )ဖြစ်ပြီး အနိမ့်ပျံတိုက်လေယာဥ်၊ ရဟတ်ယာဥ်များအား မြေပြင်မှ ပခုံးထမ်းပစ်ခတ်နိုင်သလို Missile အား တိုက်လေယာဥ်တွင်တပ်ဆင်ကာ Air to Air ပစ်ခတ်နိုင်သည့်အပြင် ရေတပ်သင်္ဘောများတွင်လည်း တပ်ဆင်ပစ်ခတ်နိုင်သည်။
၎င်းဒုံးကျည်တွင်ပါဝင်သည့် Infrared Homing System (အပူလှိုင်းအာရုံခံစနစ် )မှ လေယာဥ်၏အပူကိုသိရှိကာ အလိုအလျောက်ရှာဖွေတိုက်ခိုက်သည့် လက်နက်ဖြစ်ကြောင်း သိရသည်။
ကပစ ၁၄ မှထုတ်လုပ်သည့် SAM 16 Igla Anti Aircraft Missile အား စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်ပြီးအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီးနောက် ၎င်းလက်နက်များအား ၂၀၁၄ ခုနစ် စစ်ကော်မရှင်တပ် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမှစတင်၍ နှစ်စဥ်ထုတ်ဖော်ပြသခဲ့သည်။

၎င်းလက်နက်များအား နိုင်ငံတဝန်းရှိ တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းများ၊ လေတပ်နှင့် ရေတပ်များသို့ ဖြန့်ဝေထားပြီး လေကာတပ်ရင်းများတွင် ပုခုံးထမ်းဒုံးတပ်ခွဲမှ ဗိုလ်မှူးအဆင့်ရှိသူ တပ်ခွဲမှူးက တာဝန်ယူထိန်းသိမ်းရကြောင်း မှော်ဘီမြို့အခြေစိုက်လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းတခုမှ အကြမ်းမဖက်အာဏာဖီဆန်ရေး-CDM မှာ ပါဝင်လာသူ တပ်ကြပ်ကြီး(ဟောင်း)တဦးက ပြောသည်။
“ Iglaက ပခုံးထမ်းဒုံးတပ်ခွဲမှာ ၂၄ နာရီအဲကွန်း(လေအေးပေးစက်)ပါတဲ့ ဂိုထောင်နဲ့ ထိန်းသိမ်းရတယ်။ DP (လေ့ကျင့်ရေးဒုံး)တွေနဲ့တော့ လေ့ကျင့်ရတာရှိတယ်။ ပတ်ကားလက်နက်တွေကတော့ ထုတ်ပြီးပစ်တာမျိုး မတွေ့ဖူးဘူး။ လေကြောင်းရန် လက်နက်ဆိုတော့ တခါမှထုတ်ပစ်ရတာမျိုးလည်း မရှိသေးတာ ” ဟု ၎င်းက ပြောသည်။
လေကြောင်းရန်ကာကွယ်ရေးလက်နက် Igla SA Missile လက်နက်များကို ရုရှား၊ အိန္ဒိယ၊ မြောက်ကိုရီးယား၊ မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်တွင် အသုံးပြုနေကြောင်း နိုင်ငံတကာ၏စစ်လက်နက်အသုံးပြုမှုများအား လေ့လာစောင့်ကြည့်သည့်အဖွဲ့များ၏ အစီရင်ခံစာတချို့တွင် ဖော်ပြထားသည်။
Igla ထုတ်နိုင်တဲ့ ကပစ ၁၄ စက်ရုံမှူး ဒုထုတ်ချုပ်အဆင့်အထိ တက်လှမ်းနိုင်
ကပစစက်ရုံများ၏ဖွဲ့စည်းပုံအရ စက်ရုံမှူးများသည် ဗိုလ်မှူးကြီးအဆင့်၊ နေပြည်တော် ကကထုတ်ရုံးချုပ်တွင် ဌာနကြီးမှူး ဗိုလ်မှူးချုပ်အဆင့် ၆ ဦးဝန်းကျင်၊ ဒုတိယအရာရှိချုပ် ဗိုလ်ချုပ်အဆင့် ၂ ဦး နှင့် အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ၁ ဦးရှိသည်။
ယခင်ခေတ်အခါများမှ ကပစစက်ရုံမှူးများသည် ရန်ကုန်စက်မှုတက္ကသိုလ် RIT ကျောင်းဆင်း ဗိုလ်မှူးကြီး များဖြစ်ပြီး စက်ရုံမှူးဖြစ်ပြီးနောက် ဌာနကြီးမှူး ဗိုလ်မှူးချုပ်အဆင့်ရရှိရန်အလွန်ခက်သည်။ အများစုမှာ စက်ရုံမှူး အဆင့်ဖြင့် အငြိမ်းစားယူသွားရသည်သာ များ၏။
ယခုအခါ ကပစတပ်ထိပ်ပိုင်းရာထူးနေရာအများအပြားအား စစ်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းဆင်း အရာရှိများမှ တာဝန်ယူထားကြသည်။
ဖွဲ့စည်းပုံအရ ဌာနကြီးမှူး ဗိုလ်မှူးချုပ်များသည် ဒု-ထုတ်ချုပ် ဗိုလ်ချုပ်အဆင့်ရရှိရန်ခက်ခဲသလို ဌာနကြီးမှူးများ ရာထူးတက်၊ နေရာလစ်လပ်မှသာ စက်ရုံမှူး ဗိုလ်မှူးကြီးများသည်လည်း ဗိုလ်မှူးချုပ် အဆင့်တိုးရရှိနိုင်သည်။

သို့သော် Igla လေကြောင်းရန်ပစ်လက်နက်များကို ကပစ ၁၄ တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ချိန် တာဝန်ယူခဲ့သူ စက်ရုံမှူး ၂ ဦးကတော့ ရှေ့ဆင့်နောက်ဆင့်ပင် ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်အဆင့်များကို ရရှိသည်အထိ စစ်ခေါင်းဆောင်များ၏ မြှောက်စားခြင်းခံခဲ့ရသည်။
၎င်းတို့ ၂ ဦးမှာ ဗိုလ်မှူးချုပ် အောင်မျိုးမင်းနှင့် ဗိုလ်ချုပ် ဆွေဝင်းတို့ ဖြစ်ပြီး နောက်ဆုံးအပြီးသတ်ထုတ်လုပ်မှုကို အောင်မြင်ခဲ့သူ စက်ရုံမှူး ဗိုလ်မှူးကြီး ဆွေဝင်း မှာ ၂၀၁၂ တွင် ဌာနကြီးမှူးအဖြစ် ရာထူးတိုးခဲ့ကာ ၂ နှစ်အတွင်းမှာပင် ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်( စစ်လက်နက်) အဖြစ် ဗိုလ်ချုပ်အဆင့်သို့ ထပ်မံ တက်လှမ်းနိုင်ခဲ့သည်။
ဗိုလ်ချုပ် ဆွေဝင်း သည် ၂၀၁၈ အတွင်း ဖြစ်ပွားခဲ့သည့် ကပစတပ်ဖွဲ့ထုတ် MA လက်နက်ငယ်များကို ကပစတပ်ဖွဲ့ဝင်များမှ အိန္ဒိယ-မြန်မာနယ်စပ်တွင် စစ်ရေးလှုပ်ရှားသည့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ထံသို့ ပြန်လည်ရောင်းစားသည့်ဖြစ်စဥ်ကြောင့် ၎င်းအားတာဝန်ရှိမှုဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။ (နောင်ရေးသားမည့်ဆောင်းပါးများတွင် ဗိုလ်ချုပ်ဆွေဝင်းနှင့် ကပစတပ်တွင်း လက်နက်ရောင်းစားမှု အရှုပ်တော်ပုံအကြောင်း အလျဥ်းသင့်သလိုထည့်သွင်းဖော်ပြသွားပါမည်။)
စစ်ခေါင်းဆောင်များ၏ အရေးကြီးကပစတပ်တချို့ကာကွယ်ရေးအစီအမံ
စစ်ကော်မရှင်တပ်ခေါင်းဆောင်များအနေဖြင့် အရေးကြီးလက်နက်စက်ရုံများပါရှိသည့် ကပစတပ်များ၏ အနီးတွင် လုံခြုံရေးအစီအမံအနေဖြင့် အမြောက်စစ်ဆင်ရေးတပ်မ (မစခ) (သို့မဟုတ်) လေကြောင်းရန်စစ်ဆင်ရေးတပ်မ(လစခ)တခုစီအပါ အမြောက်နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း/ဌာနချုပ် ၃ ခုခန့် တည်ဆောက်ထားသည်။
နိုင်ငံစစ် သို့မဟုတ် ပြည်ပတိုက်ခိုက်မှုများရှိလာပါက အသက်သွေးကြောဖြစ်သည့် လက်နက်ထုတ်လုပ်ရေးကာကွယ်ရေးပစ္စည်းစက်ရုံ(ခေါ်) ကပစများကို လေကြောင်းမှ ဦးစွာပစ်မှတ်ထား တိုက်ခိုက်လာနိုင်သဖြင့် ကာကွယ်နိုင်ရန် ၎င်းတပ်များကိုပါ တွဲဖက်တည်ထားခဲ့ခြင်းဖြစ်သည်ဟု မြန်မာစစ်တပ်အတွင်း နှစ်ဆယ်နဲ့ချီ တာဝန်ထမ်းဆောင်ခဲ့သည့် စစ်သားဟောင်းများက ဆိုကြသည်။
ကပစတပ်များအနက် အများစုသည် မကွေးတိုင်းအတွင်း မကွေးခရိုင်မှလွဲ၍ ကျန် သရက်၊ မင်းဘူး၊ ပခုက္ကူ နှင့် ဂန့်ဂေါခရိုင်များအတွင်း တည်ရှိသည်။
လက်ရှိတိုက်ပွဲများပြင်းထန်နေသည့် ငဖဲနှင့် စေတုတ္တရာမြို့နယ်တွင် ကပစ ၁၄ နှင့် ကပစ ၂၀ တည်ရှိပြီး ၎င်း ကပစများအနီး ပဒါန်းတွင် အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅ )၊ အမတ ၄၀၉၊ အမတ ၃၇၅ စသည့် တပ်ရင်း/ဌာနချုပ်များ တည်ရှိသလို ကပစ ၂၁၊ ကပစ ၂၂ တည်ရှိရာ ကန်စွန်းမတွင်လည်း အမှတ် ၉ လေကြောင်းရန်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် အမှတ် ၃၀၃၆ လေကာတပ်ရင်း ၂ ခုတွဲလျက် အခြေစိုက်ထားသည်။
၎င်းအမြောက်တပ်နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်များသည် ကပစ ၁၄၊ ၂၀၊ ၂၁၊ ၂၂၊ ၂၄ တပ်များ စတင်တည်ဆောက်ချိန်ကာလများ၌ စက်ရုံများနှင့်မနီးမဝေးတွင် ရှေ့ဆင့်၊ နောက်ဆင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
၎င်းလစခ ၉ နှင့် လကတ ၃၀၃၆ သည် ကပစ ၂၁၊ ၂၂ အပြင် ပေါက်မြို့အခြေစိုက် ကပစ ၂၄ ကိုလည်း ကာကွယ်ရန်ဖြစ်သည်ဟု လကတ ၃၀၃၆ တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ စစ်သားဟောင်းတဦးက ပြောသည်။
“ ဒီနောက်ပိုင်း လေကာတပ်တွေက ထူးထူးခြားခြားအလုပ်သိပ်မရှိဘူး။ အရေးကြီး ကပစတွေနဲ့ ဖိုခနောက်ဆိုင်လိုက်တည်ပြီး အဓိကလုံခြုံရေးပေးရတဲ့သဘောပဲ ” ဟု ၎င်းက ပြောသည်။
ကပစ ၁၄ ၏ လက်ရှိအခြေအနေ
စစ်အာဏာသိမ်းပြီးနောက် ကပစတပ်အများအပြားသည် လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများဆက် မလုပ်နိုင်တော့ဘဲ ကပစ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည်လည်း နယ်မြေလုံခြုံရေးနှင့် တော်လှန်ရေးတပ်များ၏ ထိုးစစ်နယ်မြေများသို့ တိုက်ခိုက်ရေးလိုက်ပါနေရသည်။
လက်ရှိတွင်လည်း ကပစ ၁၄ သည် လေကြောင်းရန်တပ်နှင့် လေတပ်၊ ရေတပ်များသို့ ဖြန့်ဝေထားသည့် ၎င်းတို့ စက်ရုံထုတ် လေကြောင်းရန်ကာကွယ်ရေးလက်နက်များ အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးချို့ယွင်းမှုများရှိလာပါက ၎င်းလက်နက်များအား ပြန်လည်ပြင်ဆင်ခြင်း (Repair) လုပ်ငန်းများကိုသာ တပ်ဖွဲ့ဝင်တချို့ဖြင့် အဓိကထားလုပ်ဆောင်နေကြောင်း ကပစတပ်အသိုင်းအဝိုင်းထံက သိရသည်။
ပြန်လည်ပြင်ဆင်ပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် ကပစ ၁၄ Igla လက်နက်စတိုတွင် ဆက်လက်ထိန်းသိမ်းထားရသည့် Missile အလက် ၂၀၀ ခန့်လည်း ရှိနေသေးကြောင်း ကပစ ၁၄ နှင့်နီးစပ်သူများထံက သိရသည်။
အာရက္ခတပ်တော်-AA မှ ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်( နပခ) ကို ယမန်နှစ် နှစ်ကုန်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီးသည့်နောက် မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းသို့ ဆက်လက်ထိုးစစ်ဆင်လာခဲ့သည်။
ယခုနှစ်စပိုင်းတွင် ငဖဲနှင့် အမ်းမြို့နယ်အစပ် ရခိုင်ရိုးမပေါ်ရှိ ဂုတ်စည်းရိုး၊ ကံမြင်းကန်စသည့်စခန်းများကို စတင်သိမ်းပိုက်နိုင်ခဲ့ပြီး မတ် ၂၈ ရက် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် AA မှ ထိုးစစ်များကို ယာယီရပ်တန့်ခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းစတင်ကာ ကပစ ၁၄ နှင့် ပဒါန်းတပ်နယ်၏ ခံစစ်စခန်းဖြစ်သည့် အမ်း-ပဒါန်း လမ်းပိုင်းနံဘေးရှိ အဓိကခံစစ်နတ်ရေကန်ဗျူဟာကုန်းကို သိမ်းပိုက်ရရှိရေး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလပထမအပတ်တွင် ဗျူဟာကုန်း၏ ကာကင်းစခန်းများအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။
အောက်တိုဘာလဒုတိယအပတ်တွင် နတ်ရေကန်ဗျူဟာကုန်းခေါ် ပင်မကမ္ဘာလုံးစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သားတွေ စခန်းစွ့န်ခွာထွက်ပြေးသွားကြပြီး အပြီးသတ်သိမ်းပိုက်နိုင်ရေး လက်ကျန်နေရာတချို့သာကျန်တော့ကြောင်း အာရက္ခတပ်တော်-AA က အောက်တိုဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။
နတ်ရေကန်ဗျူဟာကုန်းသည် စစ်ကော်မရှင်တပ်၏ အရေးကြီးလက်နက်စက်ရုံ ကပစ ၁၄ ၏ အဓိကခံစစ်စခန်းဖြစ်ပြီး အဆိုပါကုန်းနှင့် ကပစ ၁၄ လက်နက်စက်ရုံများသည် လက်နက်ကြီးတကမ်းစာပင်ရှိသည်။
သို့ဖြစ်၍ နတ်ရေကန်ဗျူဟာကုန်း မကျရှုံးရေး စစ်ကော်မရှင်တပ်က တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ပြီးခဲ့သည့် ၂ ပတ်တာ ကာလအတွင်း လေကြောင်းပစ်ကူပေးကာ နေ့စဥ်နီးပါးဗုံးကြဲနေသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သားများအနေဖြင့် ပျဥ်းဝဂိတ်အထိတပ်ဆုတ်ပေးထားရကာ မြေပြင်ကနေလည်း စစ်ကူအင်အားအလုံးအရင်းဖြင့် ပေးပို့တိုက်ခိုက်နေပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း လမ်းဟောင်း၊ လမ်းသစ် ၂ ခုစလုံးကို ထိန်းချုပ်ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် နတ်ရေကန်တောင်ကြောတလျှောက် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။
နတ်ရေကန်စခန်းမှ စစ်ကော်မရှင်တပ်သားများ စခန်းစွန့်ထွက်ပြေးနေသဖြင့် စခန်းကုန်းအား AA နှင့်မဟာမိတ်တပ်များလက်သို့ အပြီးသတ်လက်လွှတ်လိုက်ရသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်တပ်အနေဖြင့် အာရက္ခတပ်တော်-AA နှင့် ပဒါန်းအခြေစိုက် အမြောက်တပ်ရင်း ၂ ခုသာ ခြားတော့သည်။
ကပစ ၁၄ သည် မြန်မာစစ်တပ်အတွက်အရေးပါသည့် တာလတ်နှင့်တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးလက်နက်များ ဆက်လက်ထုတ်လုပ်ရန်လျာထားပြီး စစ်အာဏာသိမ်းပြီးနောက် နယ်မြေအခြေအနေများကြောင့် ရပ်တန့်ထားရခြင်းဖြစ်ကာ ယင်းလက်နက်များ ဆက်လုပ်ထုတ်လုပ်ရန်လိုအပ်သည့် စက်များနှင့် အရင်းအမြစ်များ ကပစ ၁၄ အတွင်း ရောက်ရှိထားပြီးဖြစ်သည်ဟု မြန်မာ့စစ်ဘက်ရေးရာလုံခြုံရေးနှင့်ကာကွယ်ရေးအဖွဲ့ MDSI အဖွဲ့ဝင်လည်းဖြစ်သည့် ကပစတပ်များတွင် နှစ်ဆယ်နှင့်ချီတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ကြီး ဇင်ယော် က ပြောသည်။
“ နတ်ရေကန်က အတိုက်ခံနေရတယ်၊ ကြမ်းတမ်းနေတဲ့စစ်မျက်နှာပြင်ဖြစ်နေတယ်။ အဲ့ဒီတော့ နတ်ရေကန်ကို ကျော်လွန်လာခဲ့ပြီဆိုရင်ပူးပေါင်းတပ်တွေရဲ့အနေအထားက ကပစ ၁၄ ကအတိုက်ခံရတော့မှာ။ အဲ့တာဆိုရင် မင်းအောင်လှိုင်တို့ရဲ့ ဒီအနာဂတ်လောင်စာခဲနဲ့ ပစ်လို့ရမယ့် တာဝေး၊ တာလတ်ပစ် ဒုံးကျည်တွေရဲ့ အိပ်မက်ဟာပျက်ပြယ်သွားမယ်။ ပြီးရင် အရင်းအမြစ်တွေပါဆုံးရှုံးသွားမယ့် အနေအထားမျိုးပေါ့နော်။ ဒါကြောင့်မလို့ အရေးပါတယ် ”
ကပစ ၁၄ အား တိုက်ခိုက်နိုင်ခြင်းမရှိသေးပါက ယခုအခြေအနေအတိုင်းပင် အနီးကပ်ခြိမ်းခြောက်ထားနိုင်လျှင် စစ်ခေါင်းဆောင်များ၏ တဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးလက်နက်အိပ်မက်အား ရပ်တန့်ထားနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
“ ကပစ ၁၄ က All DI(ကပစတပ်အားလုံး) မှာ တည်ဆောက်မှုကုန်ကျစရိတ်အမြင့်မားဆုံးနဲ့ နည်းပညာအမြင့်ဆုံးနဲ့ စစ်ခေါင်းဆောင်တွေ အာရုံအစိုက်ဆုံးတပ် ”
 
				 
								