ဒီပဲယင်း၊ အောက်တိုဘာ ၉၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရွာခံမိသားစုဝင် ၄ ဦး သေဆုံးခဲ့ရတယ်လို့ ရွာသားတွေဆီက သိရပါတယ်။
အောက်တိုဘာလ ၈ ရက် နေ့လယ် ၁ နာရီခွဲခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ပါရာမော်တာနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးခဲ့ရတာလို့ ရွာခံတဦးက ပြောပါတယ်။
“၄ ယောက် ဆုံးတယ်။ သူတို့ မိသားစုဝင်တွေပဲ။ ကိုစိုးနိုင်ဆိုတဲ့လူနဲ့ သူ့ရဲ့သားပဲ ကျန်တယ်။ အခြားမိသားစုဝင် ၄ ယောက်ပါသွားတာ။ အမျိုးသမီး ၃ ယောက် အမျိုးသား ၁ ယောက်။” လို့ ရွာခံတဦးက ပြောပါတယ်။
သေဆုံးသူတွေက ကိုစိုးနိုင်ရဲ့ အမျိုးသမီးဖြစ်တဲ့ အသက် ၄၉ နှစ်အရွယ် မထူး၊ သမီးဖြစ်သူ အသက် ၃၀ အရွယ် မမြတ်သူနဲ့ ၂၅ နှစ်အရွယ် မမြင့်သူဇာစိုး၊ ညီဖြစ်သူ ၄၅ နှစ်အရွယ် ကိုမောင်ဝင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီနေ့တက်လာတဲ့ ပါရာမော်တာက အသံကျယ်တယ်ဆိုဦးတောင်မှ ကြဲခံရတာ လမ်းမကြီးရဲ့ဘေးဗျ။ လမ်းမကြီးရဲ့ဘေးဆိုတော့ ကားသံတွေနဲ့ရောပြီး မကြားရတော့ဘူးဗျ။ ဒီတခါ ပါရာမော်တာက အမြင့်ကြီးကနေ ကြဲတာဗျ။ ပါရာမော်တာတောင် မမြင်ရဘူး။ ကြဲတော့လည်း ဗုံးသီး ၂ လုံးကို တပြိုင်တည်းချပြီး ကြဲတာ။ တလုံးနဲ့ တလုံး ကွဲတဲ့အချိန်က ၂ စက္ကန့်ပဲ ခြားတယ်။” လို့ ရွာခံတဦးက ပြောပါတယ်။
ဒါ့အပြင် မူးကမ်းကြီးကျေးရွာဟာ မူးမြစ်ရေကြီးထားလို့ ဗုံးခိုကျင်းတွေထဲ ရေဝပ်ခဲ့ကာ ၁ လကျော်ကြာအထိ မခြောက်သေးဘဲ ရေစီးနဲ့ မျောပါလာတဲ့ မြေတွေကြောင့် ဗုံးခိုကျင်းတွေ ပျက်စီးနေချိန်လည်း ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း စစ်ကော်မရှင်တပ်က မူးကမ်းကြီးရွာ ဘုန်းတော်ကြီးကျောင်းကို ဗုံးကြဲခဲ့လို့ ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပါသေးတယ်။