ပဲခူး၊ ဇူလိုင် ၂၅၊ ၂၀၂၆။
၂၀၂၆ ဇူလိုင် ၃၁ ရက်နေ့ (အခုလကုန်) က စတင်ပြီး လေအေးပေးစက်ပါ အဆင့်မြင့်ခေတ်မီရထား DEMU (Diesel Electric Multiple Unit)နဲ့ ရန်ကုန်-ပြည်မီးရထားခရီးစဉ် အဖြစ် အသစ်ပြေးဆွဲသွားမှာဖြစ်ပြီး၊ အဲ့ဒီခရီးစဥ်သစ်မှာ အုတ်ဖို၊ ဇီးကုန်းနဲ့ သဲကုန်း ဘူတာတွေ ပါဝင်ခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ရန်ကုန်- ပြည်လမ်းတလျှောက်မှာရပ်တန့်မယ့် ကြားဘူတာတွေဟာ ရန်ကုန်တိုင်းအတွင်းက တညင်းကုန်းဘူတာနဲ့ ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်၊ နတ်တလင်းနဲ့ ပေါင်းတည်စတဲ့ ဘူတာတွေသာပါဝင်ကြောင်း ဖော်ပြထားပါတယ်။
ရထားရပ်တန့်ခြင်းမရှိတဲ့ မြို့နယ် ၃ ခုရဲ့ ဘူတာတွေထဲက ဇီးကုန်းမြို့ဟာ ရန်ကုန်-ပြည် ကားလမ်းနဲ့ မီးရထားလမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး၊ တခြားမြို့နယ် ၂ ခုဖြစ်တဲ့ သဲကုန်းနဲ့ အုတ်ဖိုမြို့တို့ရဲ့ ဘူတာတွေကတော့ ရန်ကုန်-ပြည် ကားလမ်းပေါ်မှာ မဟုတ်တဲ့အတွက် ခရီးသွားပြည်သူတွေအတွက် မီးရထားလိုင်းကို ပိုမိုမှီခိုအားထားနေရတဲ့ မြို့တွေဖြစ်ပါတယ်။
“သဲကုန်းကိုလည်း ရပ်စေချင်ပါတယ်။ လမ်းပန်း ဆက်သွယ်ရေးကြောင့်ပါ။ သူတို့က လမ်းပေါ် (ရန်ကုန်-ပြည်လမ်း) တက်ပြီးအလျင်အမြန်ကားစီးလို့ မရဘူးလေ။ ရပ်တဲ့ဘူတာတွေကလည်း ထိုင်ခုံဘယ်လောက်ရမယ်ဆိုတာတော့ မသိသေးဘူး” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီရထားဟာ နေ့ချင်းပြန် အစုန်/အဆန် ပြေးဆွဲသွားမှာဖြစ်ပြီး ရန်ကုန်ဘူတာက မနက် ၅ နာရီခွဲကနေ စတင်ထွက်ခွာပြီး၊ ပြည်ဘူတာကို နေ့လည် ၁၁ နာရီခွဲမှာ ရောက်ရှိမှာဖြစ်သလို ပြည်ကနေ နေ့လယ် ၁ နာရီမှာ ပြန်ထွက်မှာဖြစ်ပြီး၊ ရန်ကုန်ကို ည ၇ နာရီ ဆိုက်ရောက်မှာဖြစ်ပါတယ်။
လမ်းခရီးတလျှောက် ရပ်နားမယ့် မြို့နယ်အသီးသီးက ဘူတာတွေမှာလည်း ခရီးသည် အတက်အဆင်း ပြုလုပ်မယ့်အချိန်က ၃ မိနစ်သာ ခွင့်ပြုထားတဲ့အတွက် ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာတွေကနေ ဝေဖန်ထောက်ပြထားကြပါတယ်။
“တဘူတာတွင် သုံးမိနစ်မျှရပ်ယုံဖြင့် ရထားခရီးစဥ်အချိန်ကိုလဲ သိသိသာသာပြောင်းလဲသွားစေမည် မဟုတ်ပါကြောင်း၊ ပြည်သူတွေရဲ့ ခရီးသွားလာမှုအခက်အခဲကို အဆင်ပြေအောင် ဆောင်ရွက်ပေးစေလိုပါသည်” လို့ ဒေသခံတဦးက သူ့ရဲ့လူမူကွန်ယက်စာမျက်နှာမှာ ထုတ်ဖော်ရေးသားထာပါတယ်။
အဲဒီရထားမှာ အထက်တန်းတွဲ ၂ တွဲ၊ ပထမတန်းတွဲ ၄ တွဲပါရှိပြီး၊ အထက်တန်းတွဲမှာခရီးသည် ၆၆ ဦးနဲ့ ပထမတန်းမှာ ခရီးသည် ၂၂၄ ဦး စုစုပေါင်း ၂၉၀ ဦး လိုက်ပါနိုင်မှာဖြစ်ကာ၊ ခရီးစဥ် အစ၊အဆုံး ရထားလက်မှတ်ခတွေကတော့ အထက်တန်း ကျပ် ၂၀,၀၀၀၊ ပထမတန်း ကျပ် ၁၅,၀၀၀ သတ်မှတ်ထားပြီး ရထားလက်မှတ်တွေကို အွန်လိုင်းစနစ်ဖြစ်တဲ့ ORTP ဝက်ဘ်ဆိုက်ကနေ ရက်ကြိုတင်ဝယ်ယူနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။
ရန်ကုန်-ပြည်မီးရထားလမ်းဟာ ၁၆၁ မိုင် ရှိပြီး၊ အင်္ဂလိပ်ခေတ် ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့က စတင်ပြေးဆွဲခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးမီးရထားလမ်းဖြစ်ပါတယ်။