မင်းဘူး၊ ဇန်နဝါရီ ၁၉၊ ၂၀၂၆။
မကွေးတိုင်း၊ မင်းဘူ-စကုမြို့နယ်ထဲမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့အပြင် မန်းချောင်းတလျှောက်မှာလည်း အင်အားတွေဖြည့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၆ ရက်ညပိုင်းကစပြီး မင်းဘူး-စကုမြို့နယ်အနောက်ဘက်ရှိ ပင်းတလဲရွာနဲ့ ပေါင်ရွာကို စစ်ကြောင်းထိုးကာ ပင်းတလဲရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
“ပင်းတလဲရွာကို စစ်တပ်ကဝင်ပြီး မီးရှို့တယ်၊ ပြီးတော့ ပေါင်းရွာကို ထပ်ဝင်လာတာ၊ ပင်းတလဲရွာက အိမ်ခြေ ၃၀ လောက်ပဲ ရှိတာကို တစ်ရွာလုံးကို ရှို့သွားတာ၊ ပေါင်းရွာထဲဝင်လာတော့ ပြည်သူပိုင်ပစ္စည်းတွေနဲ့ ဆိုင်ကယ် ၁၂ စီးကိုလည်း လုယူသွားတယ်”လို့ မင်းဘူးမြို့ခံတဦးက ပြောပါတယ်။
စစ်ကြောင်းထိုးရာမှာ မင်းဘူးအခြေစိုက် ခလရ ၈၈၊ စကုအခြေစိုက် ခလရ ၁၀ ကတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေပါဝင်ပြီး ကိုင်းတောကြီး၊ အင်ပင်လှ၊ ပင်းတလဲ၊ ပေါင်းရွာ၊ ကုတင်ကုန်း၊ ခွန်သာ၊ မြောင်းဦး၊ မဲချောင်၊ ဖြူကုန်း၊ ညောင်ကုန်း၊ မရှက်၊ ကူရွာ၊ ကြီးကန်၊ စည်သာ၊ ရွှေချောင်း၊ မုတ်ခဲ၊ မြောင်းကြားရွာတွေက ဒေသခံ ၆,၀၀၀ ကျော် လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ဘက်က အင်အား ၁၀၀ လောက်နဲ့ မန်းချောင်းတလျှောက် အောက်စက်တော်ရာ ကနေ ရွှေစက်တော်အဝင်ဆိုင်းဘုတ်အထိ ၂ မိုင်ခန့် ဖြန့်ကျက်ထားပြီး ခုလို အင်အားဖြန့်တာနဲ့ စစ်ကြောင်းထိုးတာတွေဟာ ဘုရားပွဲလုပ်နိုင်ဖို့အတွက် နယ်မြေရှင်းလင်းတဲ့သဘောဖြစ်နိုင်တယ်လို့ အထက်ပါဒေသခံ ကပြောပါတယ်။
“ရွှေစက်တော်ပွဲ ကျင်းပနိုင်ဖို့အတွက် စကုမြို့အနောက်ဘက်ကရွာတွေကို နယ်မြေရှင်းလင်းတဲ့ သဘောမျိုး စစ်ကြောင်းထိုးနေတာပါ၊ မင်းဘူး ၈၈၊ စကုခလရ (ခလရ ၁၀)နဲ့ ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ လှုပ်ရှားနေတာ”လို့ သူကဆက်ပြောပါတယ်။
အခုနှစ် ရွှေစက်တော်ဘုရားပွဲတော်ကို လာမယ့်ဇန်နဝါရီ ၂၂ ရက်မှာ စတင်ကျင်းပမယ်လို့သိရကာ ယခင်နှစ်ကတော့ ရွှေစက်တော်ဘုရားပွဲကို မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း










