ကံမ၊ ဇူလိုင်၊ ၂၀၂၆။
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို ဇူလိုင်လ ၅ ရက်နေ့ညပိုင်းက တမြို့လုံး မီးဖြတ်ပြီး ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကံမမြို့နယ် အားကစားကွင်းဘေး၊ ပြည့်သူ့ဆေးရုံကြီးရှေ့မှာ စိုက်ထူးထားတဲ့ ဗိုလ်ချုပ်ရုပ်ထုကို ညအချိန်မတော် လုံခြုံရေးအပြည့်ယူပြီး Faw (ဖေါကား) နဲ့ တွန်းလှန် ဖျက်ဆီးသွားခဲ့တာလို့ ဒေသခံတဦးက ဆိုပါတယ်။
“တမြို့လုံးကို မီးဖျက်ထားပြီး လူမသိအောင် ဖျက်ဆီးသွားတာ၊ ညဘက်ဆို ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ မိုးလင်းအထိမပြီးလို့ထင်တယ် စျေးလာရောင်းတဲ့ အသည်တွေရော စျေးဝယ်တွေကိုပါ မြို့ထဲပေးမဝင်ပဲ အကြာကြီး မြို့ပြင်မှာ စောင့်ခိုင်းတာ။” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ကံမမြို့ပေါ်ရှိ ပြည်သူတွေရဲ့ ငွေကြေးနဲ့ ဆောက်လုပ်ထားတဲ့ ရုပ်ထုဖြစ်လို့ မြို့ခံပြည်သူတွေက ကျေနပ်မှုမရှိသလို၊ ဥပဒေမဲ့ လုပ်သွားတာကြောင့် စိုးရိမ်ထိတ်လန့်နေကြပါတယ်။
“ဗိုလ်ချုပ်ကိုချစ်လို့ ပြည်သူတွေက ချွေးနှဲစာနဲ့ ဆောက်လုပ်ထားတာကို အခုလိုလုပ်တာကို ပြည်သူတွေက မကျေနပ်ကြဘူး။ စိုးရိမ်တာတော့ အတော်စိုးရိမ်ပါတယ်။ ဥပဒေမဲ့ လုပ်ချင်သလိုလုပ်နေတာ” လို့ သူကဆက်ပြောပါတယ်။
အဆိုပါ ဖျက်ဆီးခံရတဲ့ ဗိုလ်ချုပ်ကျောက်ရုပ်ကို ၂၀၂၀ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ အဆိုပါ ရုပ်ထုနဲ့ အတူ တရက်တည်းမှာပဲ ဖွင့်လှစ်ခဲ့တဲ့ မင်းတုန်းမြို့က ဗိုလ်ချုပ်ကျောက်ရုပ်ကိုလည်း ဒီကနေ့ညမှာ ဖျက်ဆီးရန် စီစဉ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မြန်မာတနိုင်ငံလုံးရှိ ဗိုလ်ချုပ်ရုပ်ထုတွေကို ဇူလိုင် ၁၉ အာဇာနည်နေ့ မတိုင်ခင် ဖျက်ဆီးဖို့ ညွှန်ကြားထားတာကြောင့် အခုလို လိုက်လံဖျက်ဆီးနေတာဖြစ်ပြီး၊ ဗေဒင်ယတြာကြောင့် လုပ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေအကြား ပြောဆိုနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကံမမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းဦး