မြေလတ်အသံ၊ ဒီဇင်ဘာ ၈၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကော်မရှင်တပ်စခန်းနဲ့တိုက်ပွဲတို့က ဘက်ပြောင်း ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် ၁ ဦးအပါအဝင် ၄ ဦးဘက်ပြောင်းလာကာ တပ်သား ၃ ဦးကိုလည်းအရှင်ဖမ်းမိပြီးထိန်းသိမ်းထားတယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) က ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဘက်ပြောင်းခိုလှုံလာသူ ၄ ဦးမှာ အသက် ၁၉ နှစ်ကနေ ၂၅ နှစ်အရွယ်ရှိ ဒုတပ်ကြပ် ၁ ဦးနဲ့ တပ်သား ၃ ဦးတို့ဖြစ်ပြီး နတ်ရေကန်ကာကင်းစခန်းဖြစ်တဲ့ ငဖဲမြို့နယ်၊ ဇင်ပြွန်းရွာစခန်းကနေ အောက်တိုဘာလအတွင်းမှာ PRA-Magway ထံချိတ်ဆက်ပြီး လက်နက်ချဘက်ပြောင်းလာခဲ့တာလို့ ဆိုပါတယ်။

“ဇင်ပြွန်းရွာမှာ နတ်ရေကန်ရဲ့ကာကင်းစခန်းရှိတယ်။ အဲ့မှာတော့ အင်အားတရင်းစာလောက် ဝန်ထမ်း အင်အား ၁၀၀ ကျော်လောက်စုဖွဲ့ထားတာ။ သူတို့ (စကမ) ရဲ့ နတ်ရေကန်ရှေ့တန်းစခန်း ဖြစ်တယ်။ သူတို့က ရှေ့တန်းစခန်းမှာဘဲ ချိတ်ဆက်ပြီးတော့မှ ကျနော်တို့ဆီကို CDM လုပ်ပြီးတော့ အလင်းဝင်ရောက်လာတာ”လို့ PRA-Magway မှ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ဒုတပ်ကြပ်အပါအဝင် ၄ ဦးဟာ CDM လုပ်ပြီး ဘက်ပြောင်းလာတာကြောင့် သူတို့ကို လုံခြုံတဲ့နေရာတခုမှာစောင့်ရှောက်ပေးထားတယ်လို့ သူကဆိုပါတယ်။
အဲ့ဒီစစ်ကော်မရှင်တပ်သား ၄ ဦးဟာ အာရက္ခတပ်တော် – AA သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အခြေစိုက် ခမရ-၅၆၃ လက်အောက်ခံတပ်ရင်းကဖြစ်ပြီး သူတို့ဆီကနေ MA – 1 ၁ လက်၊ MA- 2 ၁ လက်၊ MA – 3 ၂ လက်နဲ့ တခြားခဲယမ်းအချို့ရရှိခဲ့တယ်လို့ PRA-Magway တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် နတ်ရေကန်တောင်နဲ့ အမ်း-ပဒန်း လမ်းပိုင်းတိုက်ပွဲတွေက ထွက်ပြေးလာတဲ့ ခလရ-၂၉၅ နဲ့ ခလရ-၃၅ တပ်ရင်းတို့မှ လက်နက်မဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးကို ငဖဲမြို့နယ်အတွင်းတနေရာမှာ နိုဝင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
“ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကိုတော့ ကျနော်တို့နတ်ရေကန်တိုက်ပွဲမှာဘဲ ဖမ်းဆီးရမိတာဖြစ်တယ်။ သူတို့က နတ်ရေကန်မှာကျနော်တို့နဲ့တိုက်ပွဲ ဖြစ်နေတဲ့အချိန်မှာ လက်နက်တွေစွန့်ပြီး သူတို့ထွက်ပြေးတဲ့အနေအထားမှာ ဖမ်းဆီးရမိထားတာဖြစ်တယ်”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါဖမ်းမိသူ ၃ ဦးကိုတော့ CDM လုပ်လာသူတွေနဲ့မတူဘဲ စစ်သုံ့ပန်းဥပဒေနဲ့အညီ အရေးယူပြီး အကျဥ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကလည်း ငဖဲမြို့နယ်၊ နတ်ရေကန်တောင်တိုက်ပွဲမှ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၇ ဦးကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magwa y)က ဖမ်းမိ ပြီး ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
စာတည်း – လင်း





