ပွင့်ဖြူ၊ နိုဝင်ဘာ ၉၊ ၂၀၂၅။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာက မိသားစု ၃ စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တခုကဖမ်းဆီးသွားပြီး အမျိုးသား ၂ ဦးမှာ ၅ ရက်ကြာတဲ့အထိပြန်မလွတ်သေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၅ ရက် မနက် ၁ နာရီခန့်မှာ မုန်းဇလဲကျေးရွာမှာနေထိုင်တဲ့ ဦးအောင်ခင်ညွန့်နဲ့ ဇနီး ဒေါ်ဇင်မို့မို့ထွန်း၊ သား မောင်မြတ်ဘုန်းခန့်၊ ဦးဇော်ဝင်းမောင်နဲ့ ဇ နီး ဒေါ်သန်းသန်းမူ၊ ဦးခင်မောင်အေးနဲ့ ညီမဖြစ်သူ ဒေါ်နှင်းရီ၊ ဒေါ်ခင်ပို စုစုပေါင်း ရွာခံ ၈ ဦးကို လက်နက်ကိုင်ဆောင်ထားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျော်က လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
” ဖမ်းခံရတဲ့သူတွေကတောင်သူတွေ၊ ကျပန်းလုပ်တဲ့သူတွေချည်းပဲ။ ဦးခင်မောင်အေးဆိုကျပန်းလုပ်သား ထရံတွေဘာတွေယက်တယ်။ ကိုအောင်ခင်ညွန့်ဆို တောင်သူ၊ ဦးဇော်ဝင်းမောင်လည်း တောင်သူပဲ။ ကျန်သူတွေကလည်း ကျပန်းလုပ်သားတွေ။ ဘာကြောင့်ဖမ်းလည်းဆိုတာတော့ အကြောင်းအရင်းမသိဘူး။ PDF ကဖမ်းတယ်ပဲသိတယ်” လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ပွင့်ဖြူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဖမ်းဆီးသွားသူတွေအနက် နိုဝင်ဘာ ၅ ရက် ညနေပိုင်းမှာ ကလေးနဲ့အမျိုးသမီးတွေအပါ ၆ ဦး ပြန်လည်လွတ်မြောက်လာပြီး ဦးခင်မောင်အေးနဲ့ ဦးအောင်ခင်ညွန့် ၂ ဦးကို နိုဝင်ဘာ ၉ ရက် ဒီကနေ့မနက်ပိုင်းအထိ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးသွားသူတွေဟာ မင်းဘူးခရိုင် PDFတပ်ရင်းတခုရဲ့တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ဖမ်းဆီးထားတာမှန်ကန်ကြောင်း မင်းဘူးခရိုင်ပကဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကလည်း အတည်ပြုပါတယ်။
မုန်းဇလဲရွာနဲ့ ၂ မိုင်ကျော်အကွာမှာ ကျောင်းကုန်းကြီးပျူစောထီးနဲ့စစ်ကော်မရှင်တပ်အထိုင်စခန်းရှိပြီး ကျေးရွာတွင်းစစ်တပ်ထောက်ခံသူတွေဟာ ကျေးရွာကနေ ရွှေ့ပြောင်းသွားကြတာ ၁ နှစ်ကျော်ကြာရှိပြီဖြစ်ပြီး လက်ကျန်ရွာခံအများစုမှာ လက်လုပ်လက်စားကျပန်းလုပ်ကိုင်သူအများစုဖြစ်ကြတယ်လို့ ရွာအခြေအနေကိုသိရှိထားတဲ့ အထက်ပါဒေသခံက ပြောပါတယ်။
စာတည်း – ဟိန်းစံ

