ခင်ဦး၊ ဇူလိုင် ၁၄၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခံရလို့ ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၂၀ ခန့်ပျက်စီးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ငါးတင်ကြီးကျေးရွာရွာလယ်ပိုင်းကို ၂ ကြိမ်ဗုံးကြဲခံတာလို့ ဆိုပါတယ်။

“ပထမအစီးနဲ့လာကြဲတဲ့ ၂ လုံးကမကွဲလိုက်လို့။ မဟုတ်ရင် လူတွေအများကြီးသေမယ်။ ပထမအလုံးတွေမကွဲတော့ လူတွေကနီးစပ်ရာ ဗုံးခိုကျင်းတွေထဲရောက်ပြီးမှ လာထပ်ကြဲတော့ ထိခိုက်နည်းသွားတယ်။ အိမ်တွေတော့ ပျက်စီးမှုများတယ်”လို့ ခင်ဦးမြို့နယ် ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
ဗုံးကြဲခံရမှုကြောင့် အသက် ၃၀ ကျော်အရွယ်အမျိုးသမီးတဦးနဲ့ အသက် ၆၀ ကျော် အမျိုးသားတဦးတို့ ဒဏ်ရာအနည်းငယ်(မစိုးရိမ်ရ) ရရှိသွားပါတယ်။
ဒါ့အပြင် နေအိမ် ၂၀ လုံးခန့်၊ ကားနဲ့ဆိုင်ကယ် ၅ စီးထက်မနည်းနဲ့ ဆီပေပါတွေလည်း မီးလောင်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲခံရပြီး ရွာခံပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်ကြရတာမျိုး မရှိပေမယ့် နောက်ထပ် ဗုံးလာကြဲမှာကို စိုးရိမ်နေကြပါတယ်။
ဇူလိုင်လ ၉ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ သာဝတ္တိကျေးရွာကို စစ်ကော်မရှင်ဘက်က အသေခံဒရုန်းတွေနဲ့ ဗုံးကြဲခဲ့ရာပြည်သူ ၄ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။