ကန့်ဘလူ၊ ဇွန် ၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကံကြီးကျေးရွာကနေ စစ်ကောင်စီဖမ်းသွားတဲ့ ကလေးငယ် ၃ ဦး အပါ ပြည်သူ ၁၆ ဦးဟာ တပတ်ကြာတဲ့အထိ ပြန်မလွတ်လာသေးဘူးလို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-(ကန့်ဘလူခရိုင်)က ပြောပါတယ်။
စစ်ကောင်စီတပ်အင်အား၂၀၀ ခန့်ပါ စစ်ကြောင်းဟာ မေ ၃၁ ရက် မနက် ၉ နာရီဝန်းကျင်မှာ ကံကြီးရွာကိုဝင်ရောက်စီးနင်းကာ ရွာခံ ၁၆ ဦးကိုဖမ်းဆီးသွားပြီး လက်ရှိမှာ ဖမ်းဆီးထားသူတွေကို ချပ်သင်းရွာအထိုင်စခန်းမှာ ထိန်းသိမ်းထားကာ ဒီကနေ့ ဇွန် ၇ ရက်အထိ ပြန်လွတ်လာတာမရှိသေးဘူးလို့ ဆိုပါတယ်။
” ခုထိတော့ပြန်လွတ်လာတာမရှိသေးဘူး။ သူတို့နဲ့ပတ်သက်ပြီးတော့ ထပ်မသိရသေးဘူး။ သူတို့(စကစ) အထိုင်တွေကိုခေါ်သွားရင် သတင်းထပ်သိရဖို့တော့မလွယ်ဘူး။ ဖမ်းခံထိတဲ့အထဲ ကလေး ၃ ယောက်တော့ပါတယ်”လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-(ကန့်ဘလူခရိုင်)တာဝန်ရှိသူ အမျိုး သမီးက ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေအနက် အသက် ၇ နှစ်ကနေ ၁၂ ကြား မိန်းကလေး ၃ ဦး၊ အသက် ၁၈ နှစ်ကနေ ၅၀ ကြား အမျိုးသား၊ အမျိုးသမီး ၁၃ ဦးဖြစ်ပြီး ဖမ်းဆီးခံရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေက ၎င်းတို့လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုလို့မရကြောင်း ၎င်းက ပြောပါတယ်။
မေ ၁၈ ရက်ကနေ ဇွန် ၂ ရက်အထိ ကန့်ဘလူနယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တဲ့ ချပ်သင်းနဲ့ကိုးတောင်ဘို့ အထိုင်တပ်စခန်းတွေက စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေဟာ ဇွန် ၃ ရက် နောက်ပိုင်း စစ်ရေးလှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုးခဲ့ချိန်က ထွက်ပြေးခဲ့ရတဲ့ ကံကြီး၊ ဦးကင်းကြည်၊ ပေါက်ဆိန်ကုန်း၊ သင်တော၊ အလယ်ခုံ၊ လွင်ကြီး၊ ဇော်ချောင်း၊ အောက်တဲ၊ ဝက်သဲအင်း၊ တင်မော်၊ ညိုပင်ရှို၊ နှောကုန်း၊ ပေါက်ကုန်း၊ ဇီးကုန်းနဲ့ မိဿလင်ကုန်းစတဲ့ကျေးရွာတွေက ဒေသခံသောင်းချီဟာ ဇွန် ၇ ရက်နေ့အထိ ကျေးရွာတွေကို ပြန်မဝင်နိုင်သေးဘဲ စစ်ရှောင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အထက်ပါစစ်ကြောင်းဟာ ကံကြီးရွာကို စီးနင်းစဥ်မှာ ရွာခံတွေဖြစ်တဲ့ ဦးသိန်းထွေး ၄၀ နှစ်၊ မောင်ဇေယျာထွန်း ၂၀ နှစ်တို့ကို ကျေးရွာအနောက်ဘက်ကုန်းမြင့်ပေါ်မှာ သတ်ဖြတ်ခဲ့ပါသေးတယ်။
စာတည်း – ဟိန်းစံ