စစ်တပ်က ဂုတ်ကြီးရွာတဝိုက်ကို နေ့ရာညပါ ဗုံးဆက်တိုက်ကြဲနေ
မြေလတ်အသံ၊ ဒီဇင်ဘာ၂၃၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးရွာနဲ့အနီးတဝိုက်မှာ စစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော်-AA အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
နတ်ရေကန်ဗျူဟာကုန်းရဲ့ကာကင်းစခန်းဖြစ်တဲ့ ဂုတ်ကြီးရွာစခန်းကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာ ၂၀ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဂုတ်ကြီးရွာမှာ အင်အား ၈၀၀ ခန့်နဲ့ ဝင်ရောက်တပ်စွဲပြီး နတ်ရေကန်ပင်မဗျူဟာကုန်းဆီကို ဆက်လက်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။


” (AA က) ဂုတ်ကြီး ပြန်မရသေးပါဘူး။ တိုက်ပွဲတော့ ပြင်းထန်နေပါတယ်။ ဂုတ်ကြီးကို လွန်ခဲ့တဲ့ ၃ ရက်၊ ၄ရက်က ရန်သူစစ်အင်အားအများအပြားနဲ့ထိုးလာလို့ ဆုတ်ပေးလိုက်ရတာ” လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
နတ်ရေကန်ဗျူဟာကုန်းအောက်ခြေမှာရှိတဲ့ ဂုတ်ကြီးရွာစခန်းကို စက်တင်ဘာလအတွင်းအာရက္ခတပ်တော်-AAနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားခဲ့ရာကနေ ဒီဇင်ဘာ ၂၀ ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။

စစ်ကော်မရှင်တပ်အင်အား ၈၀၀ ခန့်က ဂုတ်ကြီးရွာရဲစခန်းနဲ့ စာသင်ကျောင်းတွေမှာ ဒီဇင်ဘာ ၂၃ ရက် ဒီကနေ့အထိ တပ်စွဲနေပြီး နတ်ရေကန်ဗျူဟာကုန်းကို တက်ရောက်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်ကြိုးစားနေသလို အာရက္ခတပ်တော်-AA ဘက်ကလည်း လက်လွှတ်လိုက်ရတဲ့ ဂုတ်ကြီးရွာစခန်း ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်က ဂုတ်ကြီးရွာနဲ့အနီးတဝိုက်ကို ဒီဇင်ဘာ ၂၀ ရက်ကနေ ၂၃ ရက် ဒီကနေ့အထိ တိုက်လေယာဥ်တွေနဲ့ နေရာညပါ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

” စောနကပဲ ဂျက်ဖိုက်တာ ပြန်သွားတာပါ။ တောက်လျှောက်တက်နေတာပါ။ ခုက ဂုတ်ကြီးမှာရောက်နေတာက စစ်ကူစစ်ကြောင်းပါ။ နတ်ရေကန်ကို စစ်ကူမပို့နိုင်တာကြာပါပြီ။ တိုက်ပွဲကတော့ အချိန်တိုင်းအလိုလိုကို ဖြစ်နေတယ်”လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။
မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အစပ် ရခိုင်ရိုးမပေါ် ရှိအမ်း-ပဒါန်းလမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ နတ်ရေကန်တောင်ဗျူဟာကုန်းစခန်းရဲ့ ကာကင်းစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နတ်ရေကန်ပင်မစခန်းကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး အနည်းငယ်သာကျန်တော့တယ်လို့ အာရက္ခတပ်တော်-AA က အောက်တိုဘာ ၁၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

AA ရဲ့ ထိုးစစ်တွေကြောင့် နတ်ရေကန်ဗျူဟာကုန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ပဒါန်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာရှိ ပျဥ်းဝလမ်းဆုံအထိ ဆုတ်ခွာထွက်ပြေးခဲ့ရပြီးနောက် ဒီဇင်ဘာလအတွင်းမှာ AA သိမ်းပိုက်ထားတဲ့ စခန်းတွေကို အင်အားအလုံးအရင်းနဲ့ပြန်လည်ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ

