မုံရွာ၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက ကျေးရွာ ၃ ရွာကို စစ်ကော်မရှင်စစ်ကြောင်းကမီးရှို့ခဲ့တာကြောင့် နေအိမ် ၉၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့လယ် ၁ နာရီကျော်မှာ မုံရွာနမခ ကထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ပေါက်ပင်နဲ့ နဂါးတွင်းကျေးရွာတွေကို မီးရှို့ခဲ့သလို မုံရွာ GTC ကျောင်းဝင်းအတွင်း ထွက်လာတဲ့စစ်ကြောင်းက ဆည်တော်ကြီးရွာကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။


“ပေါက်ပင်ကိုအရင်ရှို့တာ၊ ပေါက်ပင်ပြီးမှ နဂါးတွင်း၊ ဒေသခံတွေဖမ်းဆီးတာကိုတော့မကြားဘူး။ ပေါက်ပင်ကိုမီးရှို့နေချိန် ထိတွေ့တိုက်ပွဲဖြစ်သေးတယ်။ နောက်တကြောင်းက ဆည်ကြီးတောဘက်လည်း ရှို့တယ်။ မီးခိုးလုံးတွေမြင်ရတယ်”လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူကပြောပါတယ်။
မီးရှို့ခံရလို့ နဂါးတွင်းကျေးရွာက အိမ်ခြေ ၅၀ လုံး၊ ပေါက်ပင်ကျေးရွာက အိမ်ခြေ ၄၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး ဆည်တောကြီးကျေးရွာမီးရှို့မှုမှာတော့ အပျက်အစီးမသိရသေးဘူးလို့ ဆိုပါတယ်။


ရွာတွေကိုမီးရှို့ခဲ့တဲ့ စစ်ကြောင်း ၂ ကြောင်းစလုံးဟာ ညနေ ၅ နာရီမှာ မုံရွာမြို့ပေါ်ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ဘက်စစ်ကြောင်းထိုးလို့ အိမ်ခြေ ၅၀၀ ကနေ ၁,၀၀၀ ကြားရှိတဲ့ ပေါက်ပင်၊ နဂါးတွင်း၊ ဆည်တော်ကြီး၊ အောင်ကန်သာကျေးရွာတွေက ဒေသခံပြည်သူ ၅,၀၀၀ ကျော်လည်းထွက်ပြေးခဲ့ရပြီး စစ်ကြောင်းပြန်ဆုတ်ချိန်မှာတော့ ရွာခံတွေ ကျေးရွာထဲပြန်လာနေပြီလို့ သိရပါတယ်။


နိုဝင်ဘာ ၇ ရက်ကလည်း မုံရွာမြို့နယ်၊ ကျပိုင်ကျေးရွာလမ်းဆုံအနီးမှာ ဆိုင်ကယ် စီးလာတဲ့ အမျိုးသား ၄ ဦးပစ်ခံရပြီး ၃ ဦးသေဆုံးကာ ပစ်ခတ်မှုအတွင်းအနီးအနားနေပြည်သူ ၁ ဦးပါဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – လင်း








































