ရွှေဘို၊ နိုဝင်ဘာ ၂၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ရွှေဘိုတက္ကသိုလ်ကိုပြောင်းလာတဲ့ Non-CDM ပါမောက္ခတဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဖမ်းဆီးခံထားရသူဟာ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ တွဲဖက်ပါမောက္ခရာထူးကနေ ရွှေဘိုဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကို ပါမောက္ခအဖြစ် ရာထူးတိုးပြောင်းလာတဲ့ သင်္ချာဌာနမှပါမောက္ခဒေါက်တာရီရီလွင် ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီခန့်က ရွှေဘို-မူးကမ်းကြီး လမ်းပိုင်းတနေရာမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
” ‘ရွှေသစ္စာ’ ခရီးသည်တင်ယာဥ်နဲ့လာတာတွေ့လို့ ထိန်းသိမ်းထားတယ်။ လက်ရှိတော့ ကောင်းကောင်း မွန်မွန်ပဲ ထိန်းသိမ်းထားတယ်။ ရာထူးတိုးနဲ့ပြောင်းလာတာ။ သူ့ကိုတော့ မလွှတ်သေးပါဘူး။ “ လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ဒေါက်တာရီရီလွင်ကို မြို့နယ် ပအဖနဲ့ ပလဖ လက်အောက်ရှိ Non-CDM စိစစ်ရေးဘုတ်အဖွဲ့ဆီ လွှဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးမိတဲ့စစ်ကော်မရှင်လက်အောက် Non CDM ဝန်ထမ်းတွေကိုလည်း စိစစ်ရေးဘုတ်အဖွဲ့အနေနဲ့ CDM ပြုလုပ်ဖို့၊ စစ်ကော်မရှင်နဲ့ ဆက်လက်မပူးပေါင်းဖို့အသိပေးပြီး ဖမ်းခံရသူတွေရဲ့ လုပ်ရပ်တွေနဲ့ စစ်ဆေးပေါ်ပေါက်ချက်တွေအပေါ်မူတည်ပြီး ကောင်းမွန်စွာထိန်းသိမ်းကာ ပြန်လွှတ်ပေးတာတွေလည်း ရှိတယ်လို့ အထက်ပါသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။
နိုဝင်ဘာ ၅ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ကင်းဗျားကျေးရွာအနီးမှာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ဝင်းဝင်းနို့ဆီ ကျောင်းတိုက်တည်ထောင်သူ ဒေါက်တာဝိသုတနဲ့အတူ ကိုရင်ကြီးတပါး၊ အမျိုးသမီး တဦးတို့ဟာ ရွှေဘိုကနေ ရန်ကုန်ကိုကားနဲ့အသွားမှာ ဒေသတော်လှန်ရေးတပ်တွေက ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်အထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။
စာတည်း – လင်း


















