မကွေး၊ ဩဂုတ် ၂၀၊ ၂၀၂၅။
မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကန်ပြားအရှေ့စုကျေးရွာ၊ မကွေး-နတ်မောက်သွားလမ်းဘေးမှာ ဆိုင်းဘုတ်ဆင်တဲ့အမျိုးသား ၁ ဦး ဓါတ်လိုက်သေဆုံးခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။
ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီကျော်မှာ မကွေးမြို့ရှိ သံပန်း၊ သံတံခါးဆိုင်းဘုတ်ဆင်လုပ်ငန်းတခုက လုပ်သား ၆ ဦးခန့်ဟာ ကန်ပြားအရှေ့စုကျေးရွာက သွပ်ထုတ်လုပ်စက်ရုံမှာ ဆိုင်းဘုတ်ဆင်ပေးနေချိန် ဓာတ်လိုက်ခဲ့တာလို့ဆိုပါတယ်။
“သံပန်းသံတံခါးဆိုင်းဘုတ်လုပ်ငန်းလုပ်နေတာ။ ဆိုင်းဘုတ်တပ်ပြီးတော့ ပြင်ဆင်နေတဲ့အချိန်မှာ ဆိုင်းဘုတ်နဲ့ကေဘလ်ကြိုးကြီးနဲ့ထိတာ။ သေဆုံးသူကလည်း သံပန်းသံတံခါးလုပ်တဲ့သူ။ ကျနော်တို့ သိတဲ့အချိန်မှာ အလောင်းကမြေပြင်ရောက်နေပြီ”လို့ ကူညီလုပ်ကိုင်ပေးခဲ့သူတဦးကပြောပါတယ်။
ဓာတ်လိုက်တာကြောင့် သံပန်းသံတံခါးဆင် အသက် ၃၀ အရွယ်လုပ်သား ၁ ဦးနေရာတင် ဓာတ်လိုက်သေဆုံးခဲ့ပြီး ကျန်လုပ်သားတွေတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့ဆိုပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းကိုတော့ မကွေးပြည်သူ့ဆေးရုံကို ပို့ပေးထားရပြီး ရဲကစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ ဩဂုတ် ၂၀ ရက်ဒီကနေ့မှာတော့ အလောင်းကို နေအိမ်ပြန်သယ်သွားကြပြီး နာရေးပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၁၁ ရက်ကလည်း မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ တလုပ်ပင်အုပ်စု၊ တလုပ်ပင်ကျေးရွာမှာ သစ်ဖြတ်နေတဲ့ အမျိုးသား ၅ ဦးမိုးကြိုးထိမှန်ပြီး အဲ့ဒီထဲက ၂ ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ် ရှိခဲ့ပါသေးတယ်။
စာတည်း – လင်း