ဝက်လက်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ရပ်ကျေးပကဖအဖွဲ့ဝင်တွေက အရပ်သား ၄ ဦးကို ဓားနဲ့ထိုး၊ တုတ်နဲ့ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဥ်အပေါ် ရွာခံတွေဘက်က မြို့နယ်ပလဖထံ တိုင်ကြားထားပေမယ့် လက်ခံအမှုဖွင့်ပေးတာမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၂ ရက် ညပိုင်းက ကျီးပြားရွာရှင်ပြုအလှူပွဲဆိုင်းဝိုင်းမှာ ကခုန်နေတဲ့ ရုန်းသာရွာသားတွေဖြစ်တဲ့ အောင်ခန့်နိုင်၊ ခန့်သူရကျော်၊ သက်နောင်ထွန်း၊ ဇင်ကိုလွင် တို့ ၄ ဦးကို အလှူပွဲမှာလုံခြုံရေးယူထားတဲ့ အောင်ချမ်းသာရွာပကဖအဖွဲ့ဝင်တွေက အလှူပွဲအနီးမှာပဲ ဓား၊ စကေဘာတွေနဲ့ ထိုးခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေကို ကိုးကားပြီး ဓားထိုးခံရသူတဦးရဲ့မိသားစုဝင်က မြေလတ်အသံကို ပြောပါတယ်။
ဇန်နဝါရီ ၂၂ ရက် ည ၇ နာရီခန့်မှာ ကျီးပြားကျေးရွာမှာပြုလုပ်တဲ့ ရှင်ပြုအလှူ ၁ ခုမှာ ထည့်သွင်းထားတဲ့ ဆိုင်းဝိုင်းမှာ ကခုန်နေကြတဲ့ ရုန်းသာရွာသားတွေနဲ့ အောင်ချမ်းသာရွာသားတွေ တိုက်မိကြရာမှ စကားများရန်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ပထမတခါအခင်းဖြစ်ပွားလိုက်တော့ အောင်ချမ်းသာရွာဘက်က ပကဖ၊ ပအဖတွေက ရုန်းသာရွာသားတွေနဲ့သူတို့ရွာသားတွေဖြစ်တော့ ခဏထိန်းပေးလိုက်တာ။ ထိန်းပေးလိုက်တော့ အဆင်ပြေသွားကြပြီ။ အဲဒီမှာ ခါးပြတ်ခေါ်တာလား အဲလိုမျိုးပါတဲ့တီးဝိုင်းပေါ့နော်။ အလှူမှာ ခဏရပ်သွားတယ်။ ၁ ဖွဲ့နဲ့ ၁ ဖွဲ့လည်း ခွဲလိုက်တယ်။ မိနစ် ၂၀ နာရီဝက်လောက်နေတော့ ဆိုင်းတွေဘောက်တွေပြန်ဖွင့်တော့ ကလေးတွေ(ရုန်းသာရွာသားတွေ)ဆိုကြ ကကြတော့ အောင်ချမ်းသာရွာဘက်ကနေ လူ ၃ ယောက်လောက်က ရုန်းသာရွာက ကလေးတွေကိုစိန်ခေါ်တာတဲ့။ ဒီဘက်က ကလေးတွေက သူတို့ခေါ်ရာနောက်ကိုလိုက်သွားတာ အမှောင်ထဲကို။ အဲ့ကိုရောက်တော့ လူအစိတ်သုံးဆယ်လောက်က ဓားတွေနဲ့ထိုးတာ။ မီးတွေလည်းအကုန်ဖြတ်ပြီးထိုးတာ။ ထိုးတဲ့အထဲမှာမှ ပါတာက ပကဖ၊ ပအဖ ရပ်ကျေးတွေပါတယ်။ ထိုးတဲ့သူတွေထဲမှာ အတိအကျသိတာကတော့ ဦးတင်မိုး(ပအဖတာဝန်ခံ)၊ ကိုချက်ကြီး(ပကဖတာဝန်ခံ)၊ ကိုသိန်းဝင်း(ပကဖအဖွဲ့ဝင်) အဲ့ ၃ ယောက်ကတော့မျက်မြင်သက်သေတွေလည်း အကုန်လုံးရှိတယ်။”လို့ ဓါးထိုးခံရသူတွေရဲ့ မိသားစုဝင်တဦးကပြောပါတယ်။

ဓားနဲ့ထိုး၊ တုတ်နဲ့ရိုက်ခံရလို့ အောင်ခန့်နိုင် အသက် ၂၃ နှစ်မှာ ဝမ်းဗိုက်(အရှိုက်)နေရာအနီး ထိုးသွင်းဒဏ်ရာ၊ ခန့်သူရကျော် ၁၉ နှစ် မှာ ဆီးခုံအနီးထိုးသွင်းဒဏ်ရာ၊ သက်နောင်ထွန်း အသက် ၃၀ နှစ်မှာ နောက်ကျောထိုးသွင်းဒဏ်ရာ၊ ဇင်ကိုလွင် မှာ လက်ပြတ်ရှဒဏ်ရာတို့ အသီးသီးရှိခဲ့ကြတာပါ။
ဒဏ်ရာရသူတွေထဲက အောင်ခန့်နိုင်နဲ့ခန့်သူရကျော်တို့က မန္တလေးတိုင်းအတွင်းကဆေးရုံ ၁ ခုမှာ ဖေဖော်ဝါရီ ၁၂ ရက်အထိ အရေးပေါ်လူနာအဖြစ်ဆေးကုသနေရကာ သက်နောင်ထွန်းနဲ့ ဇင်ကိုလွင်တို့ဟာ သာမာန်ဒဏ်ရာသာရရှိခဲ့တာကြောင့် လက်ရှိမှာ ပျောက်ကင်းသလောက်ဖြစ်နေပြီလို့ ဆိုပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဓားထိုးမှုမှာပါဝင်တဲ့ အောင်ချမ်းသာရွာပကဖ၊ ပအဖအဖွဲ့ဝင်တွေကို အရေးယူပေးဖို့ မြို့နယ်ပလဖတာဝန်ရှိသူတွေထံ ဖေဖော်ဝါရီလ ၁၂ ရက်အထိ ရက် ၂၀ ကျော်အတွင်း ၃ ကြိမ် တိုင်ကြားခဲ့ပေမယ့် လက်ရှိအထိ မြို့နယ်ပလဖဘက်က လက်ခံအမှုဖွင့်ပေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
” ကလေးတွေကို ဆေးရုံပို့ပြီးနောက်ရက် တိုက်နယ်ပကဖတာဝန်ခံ ကိုသက်နိုင်ဦးနဲ့ မြို့နယ်ပကဖတာဝန်ခံ ကိုနေမျိုးအောင် ဆီသွားပြီး စကားသွားပြောတော့ ပလဖရုံးမှာ အမှုသွားဖွင့်ပါလို့ပြောတယ်။ ကျနော်တို့သွားဖွင့်မယ်ဆိုပြီးတော့ ကာယကံရှင်တွေရယ် ရွာပကဖ၊ ပအဖတွေကိုခေါ်ပြီး ဒဏ်ရာရနည်းတဲ့ ၂ ယောက်ရယ် မျက်မြင်သက်သေတွေရယ်သွားပြီးတော့ ပလဖ ကိုချစ်ကို(မြို့နယ်ပလဖတာဝန်ခံ)ဆီ အမှုသွားဖွင့်တာ။ ဒါတွေက အဖွဲ့ဝင်တွေဖြစ်နေလို့ မြို့နယ်ပကဖက သူတို့ဆီလွှဲစာပေးမှ အမှုဖွင့်ပေးလို့ရမယ်ပြောပြီး အမှုဖွင့်မခံလိုက်ဘူး” လို့ အထက်ပါမိသားစုဝင်က ပြောပါတယ်။
အမှုအခြေအနေကို မြို့နယ်ပလဖတာဝန်ခံ ဦးချစ်ကိုထံ မြေလတ်အသံကမေးမြန်းခဲ့ရာ အမှုဖြစ်စဥ်မှာ ကျေးရွာပကဖတာဝန်ခံတွေပါဝင်နေတာကြောင့် သက်ဆိုင်ရာခရိုင်ပကဖခွင့်ပြုချက်နဲ့ လွှဲစာရပါက အမှုဖွင့်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
” ပကဖဘက်က လုပ်ငန်းမပြတ်သေးလို့။ လုပ်ငန်းပြတ်ပြီးလွှဲတာနဲ့ အမှုတန်းဖွင့်မှာ။ သူတို့တာဝန်ခံတွေပါနေတာကိုး။ နစ်နာသူဘက်က အမှုလာတိုင်တယ်။ ကျနော်တို့က မြို့နယ်ပကဖနဲ့ချိတ်ဆက်တယ်။ စစ်ဘက်နယ်ဘက်ဥပဒေကရှိသေးတာဆိုတော့ စစ်ဘက်က အရေးယူမှာလားမယူဘူးလား။ မယူဘူးဆိုကျနော်တို့ နယ်ဘက်က အရေးယူမယ်။ သူတို့(ဓားနဲ့ထိုးသူတွေ)ကိုတော့ ပကဖဘက်က တာဝန်ရပ်ဆိုင်းတာတွေလုပ်ပေးရမှာ။ သူတို့(ပကဖ)ဘက်က စစ်ဆေးနေဆဲဆိုတော့ ကျနော်တို့က စောင့်နေတာ။ ဆေးစာလည်းရထားရေးထားပြီးပြီး အမှုကကောက်ဖွင့်ရုံပဲ”လို့ ပြောပါတယ်။
မြို့နယ်ပကဖဘက်က အမှုဖြစ်စဥ်မှာပါဝင်နေတဲ့ ရပ်ကျေးပကဖအဖွဲ့ဝင်တွေကို စစ်ဆေးနေမှုရှိ၊ မရှိ သိရှိနိုင်ရေး မြို့နယ်ပကဖတာဝန်ခံ ကိုနေမျိုးအောင်ဆီ မြေလတ်အသံက ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်မရသေးပါဘူး။
စာတည်း – ဟိန်းစံ