ရွှေဘို၊ မေ ၂၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က တံခွန်တိုင်ရွာ၊ ကြောင်မန်းကန်ရွာနဲ့ သစ်ချိုပင်ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့က မနေ့ မေ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အင်အား၈၀ ခန့်ပါဝင်တဲ့စစ်ကြောင်းဟာ မေ ၁၅ ရက်မှာရွှေဘိုမြို့ကနေ တံခွန်တိုင်ရွာ၊ ကြောင်မန်းကန်ရွာနဲ့ သစ်ချိုပင်ရွာတွေကိုစစ်ကြောင်းထိုးလာတာဖြစ်ပြီး ကြောင်မန်းကန်ရွာအတွင်း တပ်စွဲနေချိန် မေ ၁၆ ရက်မှာတိုက်ခိုက်ခဲ့တာလို့ဇာမဏီဒရုန်းတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ မေ ၁၈ ရက်မှာ ရွှေဘိုမြို့နယ်အတွင်းကို ပြန်ဝင်သွားတယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်မှုကို ဇာမဏီဒရုန်း တပ်ဖွဲ့ (Phoenix Wings)၊ BLACK WOLF-ARMY၊ Dragon Urban Guerrilla၊ ပြည်သူ့အစေခံအဖွဲ့၊ လှတောတိုက်နယ် တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
တည်းဖြတ် – HP