ဝက်လက်၊ မေ ၃၁၊၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာ ၁ ရွာက လေဘေးသင့်ပြည်သူတွေကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ က ၁ အိမ်ထောင်ကိုငွေကျပ် ၅၀,၀၀၀ ဆီထောက်ပံ့ခဲ့တယ်လို့ အဆိုပါတပ်ရင်းဆီက သိရပါတယ်။
ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ဧပြီ ၁၆ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် အိမ်ခြေ၂၈ အိမ် ပျက်စီးခဲ့တာဖြစ်ပြီး အဆိုပါလေဘေးသင့်ပြည်သူ အိမ်ထောင်စု၂၈ စုကိုမေ ၃၀ ရက်နေ့မှာ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
ထောက်ပံ့ရာမှာ အိမ်ထောင်စု ၁၈ စုစာအတွက် ငွေကျပ် ၉ သိန်းကို အလှူရှင် ၁ ဦးကထောက်ပံ့ပေးပြီး အိမ်ထောင်စု ၁၀ စုအတွက် ၅ သိန်းကိုရွှေဘိုခရိုင်တပ်ရင်း ၁၅ ကထောက်ပံ့ပေးခဲ့တာလို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ရဲ့တပ်ရင်းမှူး ဗိုလ်ကောက်ရိုး က ပြောပါတယ်။
မေလ ၂၉ ရက်နေ့ကလည်း ရှမ်း-မန်းစစ်ဆင်ရေးအတွင်းကျဆုံးခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ကရဲဘော် ၈ ဦးရဲ့၁ နှစ်ပြည့်အောက်မေ့ဖွယ်အဖြစ် သံဃာတော် ၁ ပါးကို ဝါဆိုသင်္ကန်းနဲ့ နဝကမ္မအလှူအတွက်ငွေကျပ် ၁၀ သိန်းလှူဒါန်းခဲ့သေးတယ်လို့လည်း သိရပါတယ်။
တည်းဖြတ် – HP