အင်းတော်၊ အောက်တိုဘာ ၂၈၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာနဲ့ကျောင်းကုန်းမြို့ကြားမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်က ကျဆုံးသူများတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
အောက်တိုဘာလ ၂၂ ရက်နေကနေစတင်ပြီး မဲဇာကနေ ကျောင်းကုန်းမြို့ဘက်ကို အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်တွေဟာ နန့်သဲ၊ မအူကုန်း၊ လယ်ပြင်၊ ပိန်းအင်းနဲ့ ဂျုံးဂျုံးကျ ရွာသစ်အနီးတွေမှာ တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေတာလို့ဆိုပါတယ်။
“တိုက်ပွဲကတော့ လက်ရှိအခြေနေထိဖြစ်နေသေးတယ်။ တပ်ပျက်နေတာမှန်ပေမယ့် စစ်ကြောင်းတကြောင်းလုံး ပြုတ်တာမျိုးတော့ မဟုတ်သေးဘူး။ စစ်သားတွေ ကျန်သေးတယ်။ ကျန်တဲ့ ကောင်တွေနဲ့ တိုက်ပွဲက ဆက်ဖြစ်နေတယ်။ တိုက်ပွဲက လယ်ပြင်မှာ ဆက်ဖြစ်နေသေးတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဂျုံးဂျုံးကျရွာသစ်အနီးထိ ရောက်လာပြီးနောက် ရှေ့ဆက်မတိုးနိုင်ပဲ လယ်ပြင်ရွာကို ပြန်ဆုတ်ကာ ပိတ်မိနေပြီးအောက်တိုဘာလ ၂၇ ရက်နေ့အထိတော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့က လယ်ပြင်ကျေးရွာအနီး ဖြစ်ပွားတဲ့ တိုက်ပွဲမှာတော့ စစ်တပ်ဘက် သေဆုံးသူများတာကြောင့် စစ်တပ်ဘက်က MI -35 နဲ့ ဂျက်ဖိုက်တာတွေအပါအဝင် လေယာဥ် ၁၀ စီးထက်မနည်း လာရောက်ဗုံးကြဲပစ်ခတ်တာမျိုးတွေရှိခဲ့ပါတယ်။
တိုက်ပွဲကာလအတွင်းမှာ စစ်တပ်ဘက်က ၅၀ ထက်မနည်းသေဆုံးထားပြီး သေဆုံးအလောင်းတွေကို ကျေးရွာတွေအနီးမှာ ဒီအတိုင်း စွန့်ပစ်ထားတာကြောင့် ရွာခံတွေက ကောက်ယူပြီး မီးသဂြိုလ်ပေးနေရပြီး အလောင်းတွေကို မီးရှိုးထားတဲ့ပုံလည်း မြေလတ်အသံ သတင်းဌာနက ရရှိထားပါတယ်။
စစ်ကြောင်းထိုး တိုက်ပွဲကာလအတွင်းမှာ စစ်တပ်စစ်ကြောင်းဘက်က ဒုတိယဗိုလ်မှူးကြီး တဦးနဲ့ အရာရှိပိုင်းတွေအပါအဝင် ဖမ်းမိသူ ၃၀ ကျော်ထက်မနည်းရှိနေပေမယ့် အသေးစိတ်အခြေနေကိုတော့ တိုင်းစစ်ဌာနက ထုတ်ပြန်မှသာ အတည်ပြုနိုင်မယ်လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးသူတွေရှိနေပြီး အသေးစိတ်အခြေနေကိုတော့ မသိရသေးပါဘူး။
စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အင်းတော်ကိုပြန်ရပြီးနောက် အင်းတော်-ထီးချိုင်-ဝန်းသိုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် ရှေ့ဆက်မတိုးနိုင်ပဲ ဖြစ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲနဲ့စစ်ကြောင်းထိုးနေတာတွေကြောင့် အင်းတော်၊ ဝန်းသိုနဲ့ ထီးချိုင့်မြို့တွေကြားရှိ မဲဇာ၊ လယ်နောင်၊ နန့်သဲ၊ အလယ်ဆိပ်၊ ပင်သချေ၊ နောင်မိုး၊ သံဘို၊ စက်တောကုန်း၊ ပါအော့၊ တပ်လွင်၊ ကျောက်တော်၊ ထန်းတပင်၊ နမ်းခမ်း၊ ဂျိုးတောင်၊ ဆင်ကုန်း၊ ညောင်ကိုင်း၊ သက္ကာယ်ကျင်း၊ ပိန်းအင်း၊ စက်တောကုန်း၊ သစ်ပုံလွင်နဲ့ ကြိမ်ချောင်းကျေးရွာ စတဲ့ ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီပြီး ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – မောင်မှိုင်း