ပြည်၊ ဧပြီ ၁၂၊ ၂၀၂၃။
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဇီးကုန်းအုပ်စု၊ ရွာထောင်ကုန်းရွာ ဘောလုံးပြိုင်ပွဲကနေ လုံခြုံရေးယူပြီး ပြန်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၁၁ ရက် မနေ့ည ၉ နာရီခွဲလောက်က သဲကုန်းမြို့ကို ဆိုင်ကယ် ၆ စီးနဲ့ပြန်လာတဲ့ ရဲနဲ့စစ်သားအင်အား ၁၂ ဦးကို ရွာထောင်ကုန်းရွာထိပ်အနီးမှာ ရှေ့ထွက်မိုင်း ၁ လုံး၊ ပတ်လည် ၁ လုံးနဲ့ PPDF တပ်ဖွဲ့ရဲ့နွေဦးအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဒီကောင်တွေက ဆိုင်ကယ်တွေနဲ့ အရပ်ဝတ်တွေဝတ်ပြီးပြန်လာတာကို မိုင်းဆွဲခဲ့တာပါ။ ပထမရှေ့ထွက် ဆွဲပြီး ၁၀ မိနစ်လောက် ရုတ်ရုတ်သဲသဲဖြစ်နေမှ ပတ်လည်ကွဲတဲ့ မိုင်းတလုံးကို ထပ်ဆွဲတာ ၃ ဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ အခြားဒဏ်ရာ အနည်းငယ်ရသူလည်း ရှိတယ်” လို့ PPDFတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာ လမ်းတွေကိုပိတ်ထားပြီး ကျေးရွာသားတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
နွေဦးအဖွဲ့ဟာ ဧပြီလ ၉ ရက်နေ့ကလည်း ပြည်သူတွေ တော်လှန်သင်္ကြန်မှာ ပါဝင်ဖို့အတွက် သတိပေးတဲ့အနေနဲ့ ပေါင်းတည်မြို့လယ်က စစ်ကောင်စီသင်္ကြန်မဏ္ဍပ်ကို မိုင်းခွဲခဲ့ပါသေးတယ်။
စာတည်း – ရင်ငြိမ်း