ကန့်ဘလူ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးကာ ၉ ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၁ နာရီခန့်က တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ ကျေးရွာထဲက ပြည်သူတွေရဲ့ နေအိမ်တွေအပေါ်ကို ဗုံးကြဲပစ်ခတ်သွားတာလို့ ဆိုပါတယ်။


“မပစ်ခင်မှာ ဒရုန်းအရင်လာဝဲတာ။ ရွာခံတွေက သမန်ရိုးကျမှတ်နေတာ။ ပြီးမှ ဖိုက်တာနဲ့ သုံးကြိမ်ဝဲပြီးမှ ပစ်တာ။ ပေါင်ဗုံးတွေ ချတာတွေကော ပွိုင်ဖိုက်နဲ့ ပစ်တာတွေကော။ နေအိမ်တွေပေါ် တည့်တည့်ကျတာ”လို့ ကန့်ဘလူမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ဗုံးကြဲပစ်ခတ်မှုအတွင်း အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးနဲ့ အသက် ၄၀ ကနေ ၆၀ ကြားအရွယ် အမျိုးသမီး ၃ ဦးတို့ နေရာမှာပင် သေဆုံးသွားတာ ဖြစ်ပါတယ်။


ဒါ့အပြင် ကလေးငယ် ၂ ဦးနဲ့ သက်လတ်ပိုင်းအမျိုးသား အမျိုးသမီး ၇ ဦး ဒဏ်ရာရသွားပြီး နေအိမ် ၃ လုံးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဗုံးကြဲခံရပြီးပြီးချင်း ရွာခံတွေက ဘေးလွတ်ရာကို ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်သွားတာအပြင် ထိခိုက်ဒဏ်ရာရသူတွေကိုလည်း နီးစပ်တဲ့ ဆေးခန်းတွေကို ချက်ချင်းပို့ဆောင်လိုက်တာကြောင့် ထိခိုက်သူတွေနဲ့ပတ်သက်တဲ့ အချက်အလက်ကို ကောက်ယူဖို့ အခက်ခဲရှိသွားတယ်လို့ဆိုပါတယ်။


စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ကျေးရွာမှာ နာရေးနှစ်ပတ်လည်လုပ်နေတဲ့ ဘုန်းကြီးကျောင်း ဒရုန်းဗုံးကျပြီး ကျောင်းထိုင်ဆရာတော်အပါအဝင် ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။