တောင်တွင်းကြီး၊ ဇွန် ၁၈၊ ၂၀၂၅။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ လိုင်စင်မဲ့ယာဥ်စီးနင်းမှုနဲ့ထောင်ကျနေသူ အမျိုးသား ကိုဗစ်ကြောင့်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူဟာ တောင်တွင်းကြီးမြို့၊ ရွှေအိုး ၁ ရပ်ကွက်၊ အပိုင်း ၃ နေသူ အသက် ၃၁ နှစ်အရွယ် ကိုဘိုဘို၀င်းဆိုသူဖြစ်ပြီး ဇွန်လ ၁၇ ရက်ညမှာ မကွေးပြည်သူ့ဆေးရုံမှာ သေဆုံးသွားတာလို့ဆိုပါတယ်။
“ဆေးရုံတက်က လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက တက်နေရတာ။ ပုံမှန်ဖျားနာပုံစံနဲ့တက်တာ။ မနေ့ညက ၁၀ နာရီလောက်မှာ ဆုံးသွားတာ။ မကွေးထောင်ကနေ ဆေးရုံလာတက်ရတာ။ ကိုဗစ်လူနာဖြစ်ကြောင်းဆေးရုံက အတည်ပြုချက်ရတယ်”လို့ ဒေသခံတဦးကပြောပါတယ်။
သေဆုံးသွားတဲ့ ကိုဘိုဘိုဝင်းရဲ့အလောင်းကိုတော့ နေအိမ်ပြန်မသယ်တော့ဘဲ ယနေ့မနက်ပိုင်းမှာ မကွေးမြို့၊ ချမ်းမြေသာယာသုသာန်မှာ သဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။
ကိုဘိုဘိုဝင်းဟာ ဇွန် ပထမအပတ်အတွင်းမှာ တောင်တွင်းကြီးမြို့မှာ ပလုံကောက်ဖို့ဆိုင်ကယ်နဲ့သွားစဥ် လိုင်စင်မဲ့ယာဥ် စစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့တွေ့ပြီး ဖမ်းဆီးခံလိုက်ရတာပါ။

အဲဒီနောက် ပို့ကုန်သွင်းကုန်ပုဒ်မ ၈ နဲ့တရားစွဲဆိုခဲ့ရပြီး တောင်တွင်းကြီးတရားရုံးကနေ နေ့ချင်း ထောင်တလကျခံဖို့ အမိန်ချခံရပြီးနောက် မကွေးထောင်ကို ပို့ဆောင်ခံလိုက်ရတာလို့ သိရပါတယ်။
ကိုဗစ်ရောဂါနဲ့သေဆုံးသူက မကွေးအကျဥ်းထောင်ကနေဆေးရုံတက်လာရသူဖြစ်တာကြောင့် ထောင်အတွင်းမှာ ရောဂါကူးစက်နိုင်သူတွေရှိနေနိုင်ပြီး အရေအတွက် ဘယ်လောက်ထိရှိနေတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ ဆိုပါတယ်။
မကွေးမြို့မှာ ယခုလို ကိုဗစ်လူနာပြန်တွေ့ရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး သေဆုံးတာကလည်း ပထမဆုံးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကိုဗစ်တတိယလှိုင်းကာလက မကွေးမြို့နယ်အတွင်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပြီး မြေပြင်မှာ ပိုများနိုင်တယ်လို့ သိရပါတယ်။
စာတည်း – လင်း