ချောင်းဦး၊ အောက်တိုဘာ ၃၀၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာဘုန်းကြီးကျောင်းမှာ ပဌာန်းပွဲလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ရဟန်းတပါးဒဏ်ရာရကာ ပဌာန်းပွဲပျက်သွားတယ်လို့ ရွာခံတွေထံက သိရပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၁ နာရီ မထိုးခင်အချိန်မှာ တောကျောင်းလေးကျေးရွာတောင်ပိုင်းရှိဘုန်းကြီးကျောင်းဝင်းအတွင်းက စေတီမှာ သံဃာတော်တချို့ ပဌာန်ရွတ်ဖတ်နေချိန် အလှည့်ကျ ပဌာန်းရွတ်ဖို့ စောင့်နေတဲ့ ကျန်သံဃာတော် အပါး ၂၀ နဲ့ ကျောင်းနေ ကိုရင်အပါး ၂၀ တို့အပြင် ဝေယာဝစ္စပြုလုပ်သူတွေ အနားယူနေတဲ့ ဘုန်းကြီးကျောင်းပေါ်ကို အသေခံဒရုန်း ၂ စီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ပထမတစီးကျပြီး တမိနစ်မကြာဘူး နောက်တစီးကျတာ။ ပဌာန်းရွတ်နေတာက ဘုရားပေါ်။ ကျတာက ဘုန်းကြီးကျောင်းပေါ်။ ကျောင်းထဲမှာက သံဃာ၊ ကိုရင်၊ လူအများကြီးရှိနေတာ။ အဲချိန်မှာလာကျတော့ ထိခိုက်တဲ့ သံဃာက လဲကျသွားပြီး ချက်ချင်းမထနိုင်တော့ဘူး။” လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။
အဆိုပါ အသေခံဒရုန်းကို ရွှေဘိုကနေ လွတ်တင်လိုက်တာဖြစ်ပြီး၊ ပါလာတဲ့ ဗုံးပေါက်ကွဲတာကြောင့် ချောင်းဦးမြို့ပေါ်ကနေ ပဌာန်းလာရွတ်တဲ့ သက်တော် ၅၆ နှစ်အရွယ် ဆရာတော် ဥူးအဂ္ဂဥာဏမှာ ခြေထောက်နှစ်ဖက်မှာ ပြင်းထန်ဒဏ်ရာရပြီး ဘယ်ဘက်ခြေထောက်မှာ အသားစတွေ ပဲထွက်ကာ အရိုးပေါ်သွားတဲ့ အခြေနေထိ ဖြစ်သွားတယ်လို့ ပြောပါတယ်။


ဒါ့အပြင် ဘုန်းကြီးကျောင်းအမိုးပွင့်ထွက်သွားသလို ကျောင်းအတွင်းရှိ ပရိဘောဂပစ္စည်းတွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့မနက်ပိုင်းကစတင်ပြီး အဆိုပါ ဘုန်းကြီးကျောင်းမှာ ပဌာန်းပွဲစတင်ပြုလုပ်တာဖြစ်ပြီး ပဌာန်းပွဲကို ၅ ရက်ပြုလုပ်ဖို့ စီစဥ်ထားပေမယ့် ဒရုန်းချခံရလို့ ပဌာန်းပွဲကိုလည်း ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ မဟာစည်ကျောင်းတိုက် ဗုံးကြဲခံရပြီး စစ်ရှောင် ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။