ရွေဘို၊ မတ် ၃၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ လိပ်ချင်းရွာအနီးရှိ ပျူစောထီးကင်းစခန်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ လက်နက်နဲ့ကျည်တွေသိမ်းဆည်းခဲ့တယ်လို့ သွားရောက်တိုက်ခိုက်ခဲ့တဲ့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
မတ်လ ၁ ရက် ည ၁၀ နာရီခန့်မှာ လိပ်ချင်းရွာနဲ့မီတာ ၅၀၀ အကွာမှာ အင်အား ၁၀ ဦး ဝန်းကျင်နဲ့ ကင်းစောင့်နေတဲ့ ပျူစောထီးကင်းကို တိုက်ခိုက်ခဲ့ရာ မိနစ်ပိုင်းအတွင်းမှာ ပျူစောထီးတွေက ရွာထဲကိုပြန်ဆုတ်သွားကြတယ်လို့ ဆိုပါတယ်။
“ဝင်ပစ်တော့ပြေးတာပေါ့။ ၂ ယောက်ကျပြီးတော့ ပြေးတော့တာ။ ကျနော်တို့က ရှောင်တခင် ဝင်စီးတာ။ သူတို့ကထွက်ပြေးတာ။ လက်နက်တွေယူပြေးတယ်။ ပစ်ခတ်မှုကမကြာပါဘူး။ ဇရှိတာမှမဟုတ်တာ ပြေးတာ။ ကျတာက အုပ်ကြီးတင့်လွင့်သားအငယ်ကောင်ပါတယ်”လို့ ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ ရွှေဘိုအခြေစိုက်ဒေသခံကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း ပျူစောထီး ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကာ ကျည်၊ ကျည်ဘောက်နဲ့ ကျည်ကာအချို့ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၂ ရက် နေ့လယ် ၁ နာရီခန့်မှာလည်း ပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့ ပျုစောထီး ၂ ဦးရဲ့နာရေးကို ရွာမှာပြုလုပ်နေချိန် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူးလို့ဆိုပါတယ်။
လိပ်ချင်းကျေးရွာမှာ ပျုစောထီးနဲ့စစ်ကော်မရှင်အင်အား ၅၀ ခန့်ရှိပြီး တိုက်ခိုက်ခံရပြီးနောက် အဆိုပါကင်းနေရာမှာ ပျူစောထီးအဖွဲ့တွေလာစောင့်တာမရှိတော့ဘဲ ရွာထဲမှာတင် ကင်းချထားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၀ ရက်ကလည်း ရွှေဘိုမြို့၊ မြို့ရှောင်လမ်းမှာ ဆက်ကြေးကောက်ဖို့ကားနဲ့ထွက်လာတဲ့ ရဲအဖွဲ့ တိုက်ခိုက်ခံရပြီး အရာရှိ ၃ ဦးသေတယ်လို့ သိရပါတယ်။
စာတည်း – လင်း



