တန့်ဆည်၊ နိုဝင်ဘာ ၂၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မူးတိမ်ရွာက စစ်ကော်မရှင်တပ်နဲ့ပျူစောထီးပူးပေါင်းစခန်းကို သိမ်းပိုက်မီးရှို့ခဲ့ရာထိခိုက်သေဆုံးသူများခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တာဝန်ရှိသူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၈ ရက်မနက် ၄ နာရီခန့်မှာ အင်အား ၁၀၀ ခန့်ရှိနေတဲ့ အဆိုပါစခန်းကို ဝင်ရောက် တိုက်ခိုက်ပြီး မနက် ၈ နာရီကျော်မှာ စခန်းသိမ်းမီးရှို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ဘေးနားကပ်လျက်ကပျုရွာတွေက စစ်ကူလာပေးတာရှိတယ်။ ဖြတ်တောက်ရေး ကောင်းကောင်းလုပ်နိုင်ခဲ့တော့ ပျူရွာတွေက စစ်ကူလာတဲ့အဖွဲ့တွေက လာမပေါင်းနိုင်ဘူး ဖြစ်သွားတယ်။ တပ်တွေလန့်ပြီးထွက်ပြေးသွားတယ်။ နောက်ကျ စခန်းကိုသိမ်းပြီးတော့ စခန်းမှာရှိတဲ့ ပစ္စည်းတွေသိမ်းပြီးတော့ မီးရှို့ဖျက်ဆီးခဲ့တာ”လို့ PLA ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။
အဆိုပါ တိုက်ပွဲမှာ စစ်ကော်မရှင်တပ်နဲ့ပျူစောထီး စုစုပေါင်း ၂၀ ခန့်သေဆုံးခဲ့ပြီး သေနတ် ၅ လက်၊ ကျည်အချို့နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်သူအချို့ရှိခဲ့ပြီး စခန်းသိမ်းပြီးနောက် ပစ္စည်းတွေ သိမ်းဆည်းနေချိန် စစ်ကော်မရှင်ဘက်က Y 12 နဲ့ဗုံး ၄ လုံးကြဲချခဲ့သလို ကန့်ဘလူအခြေစိုက် ၆၀၀၆ တပ်ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိခဲ့သေးတယ်လို့ ဆိုပါတယ်။
မူးတိမ်ရွာရဲ့ တမိုင်ကျော်မှာ မူးဂွ၊ မူးကျင်း၊ ကျွန်းလယ်စတဲ့ ပြည်သူ့စစ်အများစု နေထိုင်တဲ့ ကျေးရွာတွေရှိတယ်လို့ ပေါ်ဦးစစ်ကြောင်းတာဝန်ရှိသူဆီက သိရပါတယ်။
မူးတိမ်ရွာမှာ ပျူစောထီးအများစုနေထိုင်ကြပြီး တိုက်ခိုက်ခံရပြီးနောက် မူးတိမ်ရွာတဖက်ကမ်းရှိ ကန့်ဘလူမြို့နယ်၊ မှော်တော်ရွာဘက်ကို ထွက်ပြေးသွားကြကာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေကတော့ ရွာကိုပြန်ကပ်ဖို့ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ပေါ်ဦးစစ်ကြောင်း၊ တန့်ဆည်မြို့နယ်-ပကဖ၊ ရွှေဘိုခရိုင် အမှတ် -၂၅ တပ်ရင်း၊ ဓူဝံရေဦးမြို့နယ်အဖွဲ့၊ ဝံသပါလရေဦးမြို့နယ်အဖွဲ့၊ Drone force Taze အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
နိုဝင်ဘာ ၂၄ ရက်ကလည်း တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကော်မရှင်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာ ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – HP





































