ဝေါ၊ ဇူလိုင် ၁၈၊ ၂၀၂၅။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီရဲ့ အမြဲတမ်းစစ်ဆေးရေးဂိတ်ကို ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာရှိ X-ray စစ်ဆေးရေးဂိတ်အနီးမှာ ပြောင်းလဲဖွင့်လှစ်လိုက်တယ်လို့ ဝေါပကဖထံက သိရပါတယ်။
ညောင်ခါးရှည်မှာ ပြောင်းလဲဖွင့်လှစ်လိုက်တဲ့ အမြဲတမ်းစစ်ဆေးရေးဂိတ်ကို ဇူလိုင် ၁၇ ရက် မနေ့က စစ်ကောင်စီပဲခူးတိုင်းဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး စစ်ဆေးမှုတွေစတင်နေပြီလို့ ဆိုပါတယ်။
” ကျိုက်ထို၊ မရမ်းချောင်ဂိတ်ကို အဲဒီဘက်ကို ရွှေ့လိုက်တာ။ ဂိတ်ပေါင်းဖွင့်လိုက်တဲ့ သဘောပဲ ။ စကစဘက်က တစုတဝေးတည်းရှာဖွေစစ်ဆေးရေးလုပ်မယ်ဆိုတဲ့ သဘောမျိုးပါပဲ။ သူတို့ကတော့ ပိုပြီးတော့ ထိန်းချုပ်နိုင်ဖို့၊ ချုပ်ကိုင်နိုင်အောင်လုပ်တာလို့ပဲ မြင်တယ်”လို့ ဝေါမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။
မရမ်းချောင်စစ်ဆေးရေးဂိတ်ဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ မကြာခဏလာရောက်တိုက်ခိုက်တာ ခံနေရတာကြောင့်လည်း စစ်ဆေးရေးအဖွဲ့တွေရဲ့ လုံခြုံရေးပိုစိတ်ချရအောင် နေရာပြောင်းရွှေ့တာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အသစ်ဖွင့်လှစ်တဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီရဲ့အကောက်ခွန်ဌာနဦးဆောင်ကာ တရားမဝင် ကုန်ပစ္စည်းတွေ စစ်ဆေးမှာဖြစ်ပြီး ညောင်ခါးရှည် X-ray စစ်ဆေးရေးဂိတ်ကတော့ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းတွေကို အဓိကထားစစ်ဆေးမှုတွေပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
ကျိုက်ထို၊ မရမ်းချောင်စစ်ဆေးရေးဂိတ်ဟာ ထိုင်းနိုင်ငံ နယ်စပ်ဒေသ မြန်မာပြည်တောင်ပိုင်း မွန်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေကနေ ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို အဓိကထားစစ်ဆေး ဖမ်းဆီးတဲ့ အမြဲတမ်းစစ်ဆေးရေးဂိတ် ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP