ဆင်ဖြူကျွန်း၊ မေ ၄၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။
မေ ၃ ရက် ယမန်နေ့က ဆင်ဖြူကျွန်းမြို့၊ ကုက္ကိုတန်းနဲ့ နေပူကန်ကျေးရွာတွေထံ အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အဆိုပါကျေးရွာတွေအနောက်ဘက်လယ်ကွင်းတွေထဲမှာအရောက်မှာ တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး မွန်းလွဲ ၂ နာရီခန့်ကနေ ညနေ ၅ နာရီဝန်းကျင်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“ အဲ့ဒီစစ်ကြောင်းက ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို နယ်မြေစိုးမိုးဖို့အတွက် နယ်မြေရှင်းလင်းရေးလုပ်တဲ့သဘောပါ၊ မနေ့က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ကြတယ်၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာလည်းများတယ်” လို့ စလင်းဒေသခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲအတွင်းအထိနာတဲ့ စစ်ကောင်စီတပ်က ယမန်နေ့ည ၈ နာရီခန့်ကနေ ၈ နာရီခွဲအထိ Y-12 လေယာဥ်ပေါ်ကနေ တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ အနီးတဝိုက် ဗုံးသီးအလုံးရေ ၆၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ (တိုက်ပွဲဖြစ်တဲ့နေရာမှာ) အလောင်းတွေကအများကြီးပဲတဲ့၊ သွားလည်း မကြည့်ရဲကြဘူး။ နေပူကန်မှာလည်း အိမ်ထောင်စု ၁ စု၊ ၂ စုပဲ ကျန်တာ “ လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။
အဆိုပါ Y -12 လေယာဥ်ဟာ တိုက်ပွဲဖြစ်နေရာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေပေါ်ကို ဗုံးတွေကြဲချခဲ့ပြီး အဲ့ဒီလိုလုပ်ဆောင်တာဟာ သေဆုံးစစ်ကောင်စီတပ်သားတွေရဲ့ အလောင်းနဲ့လက်နက်တွေ တော်လှန်ရေးတပ်တွေဘက်က မရရှိအောင်လုပ်ဆောင်တာဖြစ်နိုင်ကြောင်း သူက ဆက်ပြောပါတယ်။
နေပူကန်ရွာအနီးတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး အရှင်ဖမ်းမိသူတွေလည်းရှိကြောင်း မြေပြင်သတင်းရင်းမြစ် ၂ ခုက ပြောဆိုထားကာ စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးမှုအခြေအနေအသေးစိတ်ကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး မင်းဘူးခရိုင် PDF တပ်ဖွဲ့ဝင်တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လတ်တလောစစ်ရေးအခြေအနေတွေအရ ထုတ်ပြန်ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့ တုံ့ပြန်ပါတယ်။
အဆိုပါစစ်ကြောင်းဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံစစ်ကြောင်းဖြစ်ပြီး ပြီးခဲ့တဲ့မတ်လအတွင်းမှာ ပခုက္ကူတပ်မ ၁၀၁ ကနေ ဆိပ်ဖြူမြို့၊ အဲ့ဒီကနေ စလင်းမြို့နယ်အတွင်းက ကန်တော်ရွာ၊ ရဒေးရွာ၊ ငှက်ပျောတောရွာ၊ ညောင်ကုန်းရွာ၊ မြောင်းဂွရွာ စတဲ့ရွာတွေကနေတဆင့် မြေပြင်စစ်ကြောင်းထိုးလာပြီးနောက် ဆင်ဖြူကျွန်းမြို့ ၊နွယ်တမယ်ရွာထိပ်မှာ အထိုင်ချနေတဲ့စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ အထိနာနေတဲ့စစ်ကြောင်းဟာ နေပူကန်ကျေးရွာမှာ အထိုင်ချတပ်စွဲနေပြီး တိုက်ပွဲတွေနဲ့ လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကုက္ကိုတန်းနဲ့ နေပူကန်ကျေးရွာအပါ အနီးတဝိုက်ကျေးရွာတွေက ဒေသခံတွေဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ