မြေလတ်အသံ၊ သြဂုတ် ၂၆၊ ၂၀၂၆။
ယခုနှစ်အတွက် ဩဇာသီးရာသီချိန်စတင်နေပြီဖြစ်ပြီး ဈေးကွက်အတွင်းရောက်ရှိနေတဲ့ ဩဇာသီးတစ်လုံးရဲ့ ဈေးနှုန်းဟာ အမြင့်ဆုံး(၂၅၀၀) ကျပ်အထိ ပေါက်ဈေးရှိတယ်လို့ ရောင်းဝယ်နေသူတွေဆီက သိရပါတယ်။
လက်ရှိတွင် ဩဇာသီး အလုံး ၅၀ ပါတခြင်းကို ကျပ် ၅၀,၀၀၀၊ ကျပ် ၃၅,၀၀၀ တို့နဲ့ ရောင်းချနေသလို အရွယ်အစားပေါ်မှုတည်ပြီး ၁ လုံးလျှင် ကျပ် ၁,၀၀၀ မှ ကျပ် ၂၅၀၀ ဝန်းကျင်အထိလည်း ဈေးပေါက်နေတယ်လို့ သိရပါတယ်။

“ပေါ်ဦးပေါ်ဖျားဆိုတော့ လာပို့တာနဲ့ မှာသူဆီကို တခါတည်း ပို့နေရလို့ ရောက်တာနဲ့ ကုန်တာပေါ့။ အခုမှပေါ်ကာစဆိုတော့ ခြံကလည်းစျေးကောင်းရတာပေါ့” လို့ ဇီးကုန်းမြို့က ရာသီပေါ်သီးနှံရောင်းချနေသူတဦးက ပြောပါတယ်။
ပေါ်ဦးပေါ်ဖျားဈေးကောင်းရနေပေမယ့် လှိုင်လှိုင်ပေါ်လာချိန်မှာ ခူးဆွတ်ရသူတွေအနေနဲ့ ကျပ် ၈ဝဝ နဲ့ ကျပ် ၃ဝဝ ဝန်းကျင်ခန့်သာ စျေးရရှ်ိနိုင်တယ်လို့ ၎င်းကဆက်ပြောပါတယ်။


ဩဂုတ်လ ဒုတိယပတ်ခန့်ကစပြီး ပုပ္ပါးတောင်ဒေသ၊ တောင်တွင်း၊ ပြည်၊ ပေါင်းတည်နဲ့ ဇီးကုန်းမြို့တွေရှိ စိုက်ပျိုးရေးခြံတွေကနေ စတင်ခူးဆွတ်နေတာဖြစ်ပြီး အဝယ်လိုက်နေပမယ့် လိုသလောက်မထွက်ရှိသေးဘူးလို့ သိရပါတယ်။
ဩဇာသီးကို မန္တလေးတိုင်းအတွင်းက ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ဒေသ၊ မကွေးတိုင်းထဲက မကွေး၊ ပွင့်ဖြူ၊ မင်းဘူး၊ ပဲခူးတိုင်းအတွင်းက ပြည်နဲ့ ပန်းတောင်းမြို့နယ်တို့မှာ အဓိကစိုက်ပျိုးကြပြီး ရန်ကုန်တိုင်းအတွင်းနဲ့ နေပြည်တော်တို့မှာလည်း စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
ဓါတ်ပုံ-လူမှုကွန်ရက်ကူးယူဖော်ပြထားပါတယ်။
သတင်း – သော်တာအောင်၊ စာတည်း – စိုးဦး