မြေလတ်အသံ၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၅။
စစ်ကော်မရှင်တပ်က ဆုကြေးငွေနဲ့တကွ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြက်အောင်ဟာ မန္တလေးမြို့မှာ ဖမ်းဆီးခံထားရတယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု – GSCB က ဒီကနေ့ဒီဇင်ဘာ ၁၇ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
” ကိုထက်မြတ်အောင်နဲ့ (ဒီဇင်ဘာ) ၁၄ ရက်နေ့က စပြီး ကျနော်တို့ အဆက်အသွယ်ပြတ်သွားတယ်ဗျ။ အဖမ်းခံထားရတယ်ဆိုတာတော့ ကျနော်တို့ အတည်ပြုနိုင်တယ်။ ကိုထက်မြတ်အောင်သည် ကျောင်းသားသမဂ္ဂမှာလည်း ပါဝင်ခဲ့တဲ့သူတယောက် ဖြစ်သလို လက်ရှိမှာလည်း မန္တလေးရဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ သပိတ်ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ စစ်အုပ်စု၊ စစ်အာဏာရှင်က ကိုထက်မြတ်အောင်တို့လို လူငယ်တွေနဲ့ ပတ်သက်ရင် တော်တော်ကို အငြိုးအတေး ရှိပါတယ်။ ဒါကြောင့်လည်း ဆုငွေတွေပါ ထုတ်ပြန်ပြီးတော့မှ တကယ့်ကို ပစ်မှတ်ထားပြီးတော့ အသဲအမဲ(သဲသဲမဲမဲ) ဒီလိုရှာဖွေ ဖမ်းဆီးမှုတွေ ဖြစ်လာတယ်လို့ မြင်ပါတယ်” လို့ GSCBအဖွဲ့ဝင် ကိုနန်းလင်းက မြေလတ်အသံကို ပြောပါတယ်။
ကိုထက်မြတ်အောင်က ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ – AFCC (MDY) နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု – GSCB တို့ရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အသက် ၂၄ နှစ်အရွယ် သပိတ်ခေါင်းဆောင် ကိုထက်မြက်အောင် ဟာ ကျန်းမာရေးအထူးကောင်းမွန်သူဖြစ်ပြီး ဖမ်းဆီးစဉ်မှာ စစ်ကော်မရှင်တပ်က ရိုက်နှက် ထိုးကြိတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လက်ရှိမှာ ၎င်းရဲ့ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ဆိုပါတယ်။
” ကိုထက်မြတ်အောင်ရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်ရင်တော့ စိုးရိမ်တယ်၊ ရှေ့မှာလည်း စစ်အုပ်စု စစ်ကောင်စီသည် သပိတ်လူငယ်တွေကို ဖမ်းဆီးပြီးတော့ အသက်အန္တရာယ်ဖြစ်တဲ့အထိ မတရားပေါ့ဗျာ၊ ကျနော်တို့ ရာဇဝတ်မှုတွေ ကျူးလွန်တာကို တွေ့ရတယ်၊ လက်ရှိလည်း ကိုထက်မြတ်အောင်နဲ့က လုံးဝပေါ့နော် အဆက်အသွယ်မရတဲ့ အခြေအနေ ဖြစ်နေတယ်၊ တကယ်တော့ ဒါက ကျနော်တို့ ဥပဒေကြောင်းအရလည်း ဘာအခွင့်အရေးမှ အခု စစ်ကောင်စီ၊ စစ်အုပ်စု လက်အောက်မှာ မရနိုင်ဘူး ဖြစ်နေတယ်ပေါ့နော်၊ အဲ့ဒီတော့ ကိုထက်မြတ်အောင်ရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်ရင်တော့ ကျနော်တို့ အလွန်အမင်းစိုးရိမ်တယ်၊ ဖြစ်လာသမျှ ကိစ္စတိုင်းကို စစ်ကောင်စီ၊ စစ်အုပ်စုက တာဝန်ယူရလိမ့်မယ်လို့ ကျနော်ကတော့ ပြောချင်တယ်။” လို့ ကိုနန်းလင်းက ပြောပါတယ်။