ဝက်လက်၊ ဇန်နဝါရီ ၁၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ကန်ကျေးရွာက စစ်ရှောင်တွေနေထိုင်တဲ့ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီ ၁၆ ရက်မနက် ၁၁ နာရီမှာ တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာကို ပေါင် ၂၀၀ ဗုံး ၄ လုံးနဲ့ကြဲပြီး ပွိုင့်ဖိုက်နဲ့လည်း ပစ်ခတ်သွားတာလို့ ဆိုပါတယ်။


“စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းနဲ့ စာသင်ကျောင်းအနောက်ဘက်က ၁ အိမ်ကျော်ကို ပစ်သွားတာ။ စာသင်ကျောင်းပေါ်ကို ကျတယ်။ အိမ်ပေါ်ကိုလည်း ကျတယ်။ မီးလောင်တာတွေ ရှိတယ်။”လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဗုံးကြဲပစ်ခတ်ခံရလို့ အသက် ၄၀ ကျော်အရွယ်အမျိုးသမီး ၁ ဦးနေရာတင်သေဆုံး၊ ၄ ဦးထိခိုက်ကာ အချက်အလက်တွေကိုတော့ စာရင်းကောက်ယူနေဆဲဖြစ်ပြီး စာသင်ကျောင်းဆောင် ၂ ဆောင်၊ နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ဘုန်းကြီးကျောင်းမှာနေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ စဉ့်ကူး၊ မတ္တရာနယ်ဘက်က လာရောက်နေထိုင်နေကြတာ ၃ လခန့်ရှိပြီး စုစုပေါင်းဦးရေ ၂၀၀ ဝန်းကျင်ရှိကာ ဗုံးကြဲခံရပြီးနောက် ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၅ ရက်ကလည်း ဝက်လက်မြို့နယ်၊ ရေလည်မှော်ကျေးရွာကို စစ်ကော်မရှင်အဖွဲ့တွေ ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး ၂ ဦးနဲ့အမျိုးသား ၁ ဦးတို့သေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း






























