မြေလတ်အသံ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်းက စဥ့်ကူးမြို့ပေါ်နဲ့ လက်ပန်လှကျေးရွာကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ သိရပါတယ်။
စဥ့်ကူး၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက လက်ပန်လှရွာနဲ့ စဥ့်ကူးမြို့ပေါ်တို့ကို ဒီဇင်ဘာ ၁၈ ရက်နေ့လယ်မှာ စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
စဥ့်ကူးမြို့နဲ့ လက်ပန်လှကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်း ၂ ကြောင်းက တပြိုင်နက်တည်း ဝင်လာပြီးနောက် မြို့အဝင်နဲ့ ကျေးရွာအဝင်ထိပ်တွေမှာတိုက်ပွဲဖြစ်ပြီး ညနေ ၃ နာရီကျော်မှာ စဥ့်ကူးမြို့နဲ့ ညနေ ၄ နာရီလောက်မှာ လက်ပန်လှကျေးရွာတွေကို ပြန်လည်ထိန်းချုပ်သွားနိုင်တာလို့ ဆိုပါတယ်။
“လက်ပန်လှကို စကစ ရသွားတာဟုတ်တယ်။ အခုဆို စဥ့်ကူးမြို့နယ်ရဲ့ ၈၅ ရာခိုင်နှုန်းလောက် သူတို့ပြန်ရသွားပြီလို့ ပြောလို့ရတယ်။ စစ်ကြောင်းကတော့ ဒီမနက်ထိ ရွာထဲမှာရှိနေသေးတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်မနက်ပိုင်းထိ စစ်ကော်မရှင်စစ်ကြောင်းနှစ်ကြောင်းဟာ စဥ့်ကူးမြို့ထဲနဲ့ လက်ပန်လှကျေးရွာတွေမှာဆက်ရှိနေပြီး ရှေ့ဆက်စစ်ကြောင်းထိုးလာတာ မရှိသေးဘူးလို့သိရပါတယ်။
တဖက်မှာလည်း သပိတ်ကျင်းကနေထိုးလာတဲ့စစ်ကြောင်းက စဥ့်ကူးနဲ့သပိတ်ကျင်းအစပ် ဇရပ်ကွင်းရွာထိ ရောက်ရှိနေပြီး ဇရပ်ကွင်းနဲ့ လက်ပန်လှအကြားမှာ ရင်ခတ်ပင်၊ ချောင်းကြီး၊ ကျည်တောက်ပေါက်၊ နွယ်ရုံ၊ ကံပျို၊ ရှောက်ပင်ရိုး၊ နတ်တောင်ကျေးရွာတွေလောက်သာ ဒေသကာကွယ်ရေးအဖွဲ့တွေထိန်းချုပ်ထားနိုင်တော့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီဇင်ဘာ ၁၈ ရက်မှာ လက်ပန်လှ ကျေးရွာကို ပြန်လည်သိမ်းပိုက်နိင်တာကိုသာဖော်ပြထားပြီး စဥ့်ကူးမြို့သိမ်းနိုင်မှုအခြေအနေကို မဖော်ပြထားဘဲ စဥ့်ကူးမြို့နယ်တခုလုံးကို မကြာခင်သိမ်းယူနိုင်တော့မယ်လို့ ဖော်ပြရေးသားထားကြပါတယ်။

စဥ့်ကူးမြို့နဲ့ လက်ပန်လှကျေးရွာတွေကို ၂၀၂၄၊ ဇူလိုင်လအတွင်းမှာ MDY-PDF နဲ့အတူ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်နိင်ခဲ့တာဖြစ်ပါတယ်။
အခုနှစ် ဒီဇင်ဘာလ ပထမအပတ်လောက်ကစတင်ပြီး မတ္တရာဘက်ကနေ အင်အား ၁,၀၀၀ လောက်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရွှေပြည်၊ တောင်အင်းကျေးရွာတွေဘက်ထိရောက်လာခဲ့သလို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ ညောင်ဝန်းကျေးရွာနဲ့ထုံးကြီးကျေးရွာကို သိမ်းယူခဲ့ပါသေးတယ်။
စစ်ကော်မရှင်စစ်ကြောင်းဝင်လာချိန် လမ်းတလျှောက်မှာ တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ထားပြီး စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲတာမျိုးတွေလည်းရှိနေပါတယ်။

စဥ့်ကူးမြို့နယ်ထဲကို စစ်ကြောင်းဝင်လာတဲ့ ဒီဇင်ဘာ ၁၄ ရက်ထိအတွင်းမှာ စစ်ကော်မရှင်ဘက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရထားတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေပြင်းထန်ပြီး လေကြောင်းပစ်ကူတွေ ဆက်တိုက်လုပ်နေလာလို့ ရွေပြည်၊ ညောင်ဝန်း၊ သရော်ပင်၊ ထုံးကြီး၊ တောင်အင်း၊ ကျောက်ငနွား၊ ယက္ကန်းစင်၊ လက်ပန်လှ၊ ရွာတော်လေး တောင်၊ မြောက်အပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံပြည်သူ ၅၀,၀၀၀ ကျော်အပါအဝင် မတ္တရာနယ်ဘက်ကနေ စစ်လာရှောင်နေတဲ့ပြည်သူ ၁၀၀,၀၀၀ ကျော်ပါ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စာတည်း – လင်း
စဥ့်ကူး၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ညောင်ဝန်း၊ ထုံးကြီးထိ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ် တိုက်ပွဲတွေဆက်ဖြစ်နေပြီး ပြည်သူသိန်းချီပြေးနေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဒီဇင်ဘာလ ပထမအပတ်လောက်ကစတင်ပြီး မတ္တရာဘက်ကနေ အင်အား ၁,၀၀၀ လောက်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရွှေပြည်၊ တောင်အင်းကျေးရွာတွေဘက်ထိရောက်လာခဲ့သလို ဒီဇင်ဘာ ၁၃ ရက်နေ့ညနေပိုင်းမှာ ညောင်ဝန်းကျေးရွာနဲ့ထုံးကြီးကျေးရွာကို ထပ်မံသိမ်းနိုင်သွားတယ်လို့ ဆိုပါတယ်။


“ညောင်ဝန်းကော ထုံးကြီးကော စကစလက်ထဲပြန်ပါသွားတယ်။ ကိုယ့်ဘက်ကခုခံသူအရမ်းနည်းတယ်။ ဒါတောင်မြင်းခြံဘက်က ကျားမဲတွေကျေးဇူးတင်သင့်တာ။ သူတို့မလာရင် ခုလောက်ဆို လက်ပန်လှတောင် စကစ ထိန်းချုပ်နိုင်လောက်ပြီ။ ခုလည်း လက်ပန်လှနဲ့အရမ်းကပ်နေပြီး”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၅ရက်နေ့မနက်ပိုင်းမှာ စစ်ကော်မရှင်စစ်ကြောင်း ၂ ခုဟာ သူတို့သိမ်းပိုက်ထားတဲ့ ညောင်ဝန်းရွာကနေ မြောက်ဘက်က ငွေတောင်ရွာဘက်ကို စစ်ကြောင်းထပ်တိုးလာပြီး တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်စစ်ကြောင်းရောက်နေတဲ့ ကျေးရွာဟာ လက်ပန်လှကျေးရွာက ၅ မိုင်သာဝေးတော့တယ်လို့ ဆိုပါတယ်။ ထုံးကြီးရွာကစစ်ကြောင်းက ရွာတော်ဘက်ကို ဆက်တိုးနေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဝင်လာချိန် လမ်းတလျှောက်မှာ တိုက်ပွဲ ၇ ကြိမ်ထက်မနည်းဖြစ်ထားပြီး စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲတာမျိုးတွေလည်း ရှိနေပါတယ်။
“တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတယ်။ စဥ့်ကူးမတ္တရာချုပ်စပ်ကို ဝင်လာကတည်းက နေ့စဥ်ဖြစ်နေတာ။ ကိုယ့်ဘက်ကဘဲ ဆုတ်ပေးနေရတယ်။ တိုက်ပွဲကလည်း နင်လား၊ ငါလားဖြစ်နေတာမဟုတ်ဘူး။ လက်နက်ကြီးအားကုန်ပစ်ပြီး လေကြောင်းပစ်ကူတွေနဲ့လာနေတာ”လို့ အထက်ပါ ဒေသကာကွယ်ရေးအဖွဲ့ဝင်က ဆက်ပြောပါတယ်။
တိုက်ပွဲတွေပြင်းထန်ပြီး လေကြောင်းပစ်ကူတွေ ဆက်တိုက်လုပ်နေလာလို့ ရွေပြည်၊ ညောင်ဝန်း၊ သရော်ပင်၊ ထုံးကြီး၊ တောင်အင်း၊ ကျောက်ငနွား၊ ယက္ကန်းစင်၊ လက်ပန်လှ၊ ရွာတော်လေးတောင်၊ မြောက်အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ ၃၀,၀၀၀ ကျော်အပါအဝင် မတ္တရာနယ်ဘက်ကနေ စစ်လာရှောင်နေတဲ့ပြည်သူ ၁၀၀,၀၀၀ ကျော်ပါ ထပ်မံထွက်ပြေးနေရတယ်လို့ သိရပါတယ်။
စဥ့်ကူးနယ်ထဲကို စစ်ကြောင်းဝင်လာတဲ့ ဒီဇင်ဘာ ၁၄ ရက်ထိ အတွင်းမှာ စစ်ကော်မရှင်ဘက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရထားတယ်လို့ သိရပါတယ်။
စာတည်း – မြတ်
စဥ့်ကူး၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရတယ်လို့ စဥ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၁ ရက်ညနေ ၃ နာရီခွဲမှာ မိတ္ထီလာလေတပ်ဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာက စဥ့်ကူးမြို့၊ ပင်လယ်ကြီးရပ်ကွက်အတွင်း ဗုံး ၃ လုံးကြဲချခဲ့ပြီး ညနေ ၄ နာရီခန့်မှာ တံတားဦးဘက်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်ထဲကို ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။


” ၁ ရက်ထဲ ၂ စီး ၅ ကြိမ် ပစ်သွားတာပါ။ ဗုံးကြဲတဲ့ဝန်းကျင်အနီးအနားမှာ တိုက်ပွဲဖြစ်တာ စစ်ကြောင်းထိုးတာတွေ မရှိပါဘူး။ ပင်လယ်ကြီးမှာတော့ နေအိမ်ထဲရှိနေသူတွေထိတာ”လို့ စဥ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး ပင်လယ်ကြီးရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးကာ အသက် ၂၀ ကနေ ၆၀ ကြားရှိ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦးဒဏ်ရာကာ နေအိမ် ၂ လုံးပျက်စီးပြီး လက်ပန်လှကျေးရွာမှာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ပေမယ့် လူထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။


ဒီဇင်ဘာ ၁၀ ရက်မှာ မတ္တရာမြို့နယ်ကနေ ဝင်လာတဲ့စစ်ကြောင်းဟာ ရွှေပြည်နဲ့ တောင်အင်းရွာတွေကို ဝင်ရောက်လာခဲ့ပြီး အဲ့ဒီနေရာတွေတဝိုက်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့လည်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကလည်း စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာရှိ အေးချမ်းသာရပ်ကွက်မှာ ဗုံးကြဲခံရပြီး မိန်းကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း
မတ္တရာ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၅။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးနီးပါးကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် စဥ့်ကူးမြို့နယ်အစပ်က ကျေးရွာတွေအထိ စစ်ကြောင်းတွေရောက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
မတ္တရာမြို့နယ်မှာ တော်လှန်ရေးတပ်တွေနောက်ဆုံးထိန်းချုပ်ထားနိုင်တဲ့ ပတ်လည်အင်းရွာကို နိုဝင်ဘာ ၂၄ ရက်မှာ လက်လွှတ်ခဲ့ရပြီးတဲ့နောက် မတ္တရာမြို့နယ်တခုလုံးနီးပါး စစ်တပ်လက်အောက်ပြန်လည်ရောက်ရှိသွားတာလို့ ဆိုပါတယ်။

“ဟုတ်တယ်ဗျ ကျည်ဖောက်သံမကြားပဲ ပတ်လည်အင်းရသွားပါတယ်။ စကစဘက်က တိုက်ပွဲဖြစ်တာတော့ရှိတယ်။ ရှမ်းမင်းသမီးခေါ်ဝေါ်တဲ့နားဖြစ်ခဲ့တာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
မတ္တရာနဲ့စဉ့်ကူးမြို့နယ်အစပ်မှာရှိတဲ့ ပတ်လည်အင်းရွာဟာ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က စစ်ကော်မရှင်တပ်တွေအထိုင်ချတပ်စွဲခဲ့တဲ့ကျေးရွာဖြစ်ပြီး အဲ့ဒီရွာကို စစ်ကော်မရှင်တပ် စစ်ကြောင်းတွေက နိုဝင်ဘာ ၂၄ ရက် ညပိုင်းမှာ ပြန်လည်ဝင်ရောက်လာပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လကစတင်ကာ စစ်ကော်မရှင်တပ်က လေကြောင်း၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေအပြင် မန္တလေးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တပ်တွေနဲ့ စစ်တပ်လက်အောက်ပြည်သူ့စစ်တွေ ပူးပေါင်းအင်အားထောင်ချီသုံးပြီး မတ္တရာမြို့နယ်အတွင်း ထိုးစစ်ဆင်လာခဲ့တာပါ။
စစ်ကော်မရှင်တပ်ရဲ့ထိုးစစ်တွေကြောင့် မတ္တရာမြို့နယ်အတွင်းက စစ်ရေးအရအရေးပါတဲ့ ဆည်တော်ကြီးရေလှောင်တမံ၊ ဖယောင်းတောင် ရွှေလုပ်ကွက်၊ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်၊ အယ်ဖာဘိလပ်မြေစက်ရုံစတဲ့နေရာတွေအပါအဝင် တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေအများစုကို ပြန်လည်လက်လွှတ်ခဲ့ရတာကနေ လက်ရှိမှာ နယ်မြေအားလုံးနီးပါးကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။

စစ်ကော်မရှင်ကိုထောက်ခံရေးသားနေတဲ့တယ်လီဂရမ်ချန်နယ်တွေမှာ ပတ်လည်အင်းကျေးရွာက PDF စခန်းတခုကို သိမ်းယူနိုင်ခဲ့ပြီး PDF အဖွဲ့ဝင် ၅ ဦးကျဆုံးထားတယ်လို့ဖော်ပြရေးသားထားပြီး တိုက်ပွဲအသေးစိတ်အခြေအနေတွေကိုတော့ မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။
နိုဝင်ဘာ ၂၆ ရက် ဒီကနေ့မနက်ပိုင်းမှာ မတ္တရာမြို့နယ် ပတ်လည်အင်းရွာက အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းဟာ စဉ့်ကူးမြို့နယ်အစပ်က ကောင်းဆက်သာ ဆီဆိုင်ရှေ့အထိ ရောက်လာတယ်လို့ သိရပါတယ်။

“စဥ့်ကူးဘက်က ** ဝင်ဖို့ရှိတယ်။ အခုထိတော့မဝင်သေးဘူး။ ပတ်လည်အင်းထိရောက်နေတာ။ စကစက အကုန်သိမ်းနိုင်တဲ့အခြေအနေရှိနေပြီး ရွာတွေကနည်းနည်းဘဲကျန်တော့တာ”လို့ အထက်ပါ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ်မြောက်ခြမ်း နံ့သာမြိုင်ရွာမှာ တပ်စွဲထားတဲ့အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းကလည်း စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ရွာရဲ့ တောင်ဘက်က ရဲဝန်ထမ်းအိမ်ယာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းတွေ စဥ့်ကူးမြို့ကိုဝင်ရောက်နေတဲ့ လမ်းကြောင်းဟာ မန္တလေး-မိုးကုတ်လမ်းပေါ်မှာဖြစ်ပြီး ဒီလမ်းကြောပေါ်က ကျေးရွာတွေကပြည်သူတွေလည်း စစ်ဘေးရှောင်နေကြရတာပါ။
လက်ရှိမှာ စဥ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်တွေကဆက်လက်ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပေမယ့် စစ်တပ်စစ်ကြောင်းတွေရောက်ရှိနေတဲ့ မတ္တရာမြို့နယ်အစပ်ကျေးရွာတွေဟာ စဉ့်ကူးမြို့နယ်ရဲ့တောင်ဘက်ကနေဝင်ရောက်နိုင်တာဖြစ်ပြီး မြောက်ဘက်မှာလည်း စဉ့်ကူးမြို့နယ်အစပ်ဖြစ်တဲ့ ဖော့တောလမ်းဆုံအထိ စစ်ကော်မရှင်တပ်က သိမ်းယူထားပါတယ်။
စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲပြုလုပ်မယ့်မြို့နယ်တွေမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်တွေလည်းပါဝင်နေတာကြောင့် အဆိုပါမြို့နယ်တွေပြန်ရရေး စစ်ကော်မရှင်ဘက်က ကြိုးစားနေတာဖြစ်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေက သုံးသပ်ပါတယ်။
စစ်ကော်မရှင်ဘက်က ပြန်လည်သိမ်းယူဖို့ကြိုးစားနေတဲ့ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေကို ၂၀၂၄ နှစ်လယ်ပိုင်းလောက်မှာ MDY-PDF ပူးပေါင်းအဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းယူခဲ့ကြတာလည်း ဖြစ်ပါတယ်။
စာတည်း – မြတ်
မြတ်
မြေလတ်အသံ၊ ဩဂုတ်၂၀၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က ၂ ရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၆ ဦး သေဆုံးကာ ဒဏ်ရာရသူအများအပြားရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၁၉ ရက် နေ့ မနေ့က နေ့လည် ၂ နာရီ ကျော်မှာ ရှောက်ပင်ရိုး ကျေးရွာက 147KTVကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လည် ၂ နာရီခွဲမှာလည်း ကျောက်တိုင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသား ၂ ဦး ခြေထောက်ထိမှန်ဒဏ်ရာ တွေရခဲ့တယ်လို့ သိရပါတယ်။
“မနေ့ကတော့ပိုထိတယ်။ ဒီနေ့လည်းကြဲတာက ၃ ကြိမ်။ ထိခိုက်ဒဏ်ရာပဲရတာ။ အခုတလော လေယာဉ်က တော်တော်ဆိုးနေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေပြီး ဝက်လက်မြို့နယ်မှာလည်း ၄ ရက်ဆက်တိုက် ယခင်တပ်ရင်းတွေ တပ်စွဲနေထိုင်ခဲ့တဲ့နေရာဟောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
မန္တလေးတိုင်းမှာလည်း မိုးကုတ်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့ကို ယခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ အများ အပြားပြုလုပ်ထားပြီး ပြည်သူသေဆုံးမှု ရာနဲ့ချီရှိခဲ့ပါတယ်။
စဥ့်ကူး၊ ဇွန် ၂၉၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်မှာ ဗုံးကြဲခံရလို့ နေအိမ်ထဲရှိနေတဲ့ အမျိုးသမီးတဦး ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ စဥ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
သေဆုံးသူဟာ အသက် ၄၀ ခန့်အရွယ်ရှိ မခင်မျိုးဆန်းဆိုသူဖြစ်ပြီး ဇွန် ၂၉ ရက်နေ့လယ် ၁၂ နာရီခန့်က နေအိမ်မှာရှိနေချိန် စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ ၁ စီးပေါ်ကနေကြဲချတဲ့ ဗုံးမှန်ကာ သေဆုံးသွားတာဖြစ်ပြီး နေအိမ် ၃ လုံးလည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


“ပေါင် ၃၀၀ ဗုံး ၁ လုံးနဲ့ချတာ။ မခင်မျိုးစန်းက လမ်းမသွားနိုင်လို့ ခြေထောက်က ကျောက်ပတ်တီး စည်းထားရတာ။ နေအိမ်မှာရှိနေတဲ့အချိန်မှာ ဗုံးကသူ့ဘေးကိုတည့်တည့်ကျတာ။ အသားစအချို့နဲ့ အရိုး နည်းနည်းလောက်ဘဲပြန်ရတယ်”လို့ စဥ့်ကူးမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသံမဏိက ပြောပါတယ်။
စစ်ကောင်စီဘက်က ဗုံးလာကြဲခဲ့တဲ့ လက်ပန်လှကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေလည်း ကျေးရွာထဲမှာနေထိုင်တာမရှိဘူးလို့ သိရပါတယ်။


ဇွန် ၂၂ ရက်ညပိုင်းကလည်း စဥ့်ကူးမြို့နယ်၊ ယက္ကန်းစင်တောင်ကျေးရွာရှိ ပါချုပ်ဆရာတော် တည်ထောင်ပေးထားတဲ့ မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီဘက်က ဗုံးကြဲခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း
မြေလတ်အသံ၊ ဇွန် ၂၃၊၂၀၂၅။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ နယ်ရှိ ဆေးရုံ ၁ ရုံကို ဇွန် ၂၂ ရက်ည ၁၁ နာရီ ကျော်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မီးနေသည် ၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင် ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
စဉ့်ကူးနဲ့ မတ္တရာမြို့နယ်အစပ်ရှိ မေတ္တာနန္ဒ (ယက်ကန်းစင်)ဆေးရုံကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ပေါင် ၃၀၀ ဗုံးသီး ၂ လုံးကြဲချခဲ့တာကြောင့် သားဖွားမီးယပ်ဆောင်အပါအဝင် အဆောက်အအုံ ၃ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။



“တိုက်ပွဲဖြစ်တဲ့နေရာနဲ့မနီးဘူးဗျ၊ တိုက်ပွဲလည်းမရှိဘူး။ သပ်သပ်ကိုကြဲတာ။ ဆေးရုံက ကုတင်ဘယ်လောက်လည်းဆိုတာမသိရသေးဗျ။ သေဆုံးသူက ကလေးမွေးပြီး ၂ ရက်သာရှိသေးတယ်။ ကလေးကတော့ ဘာဒဏ်ရာမှဖြစ်ခဲ့ဘူး။ ကလေးကတော့ ကျား/မ ခွဲမသိရသေး”လို့ ပြင်ဦးလွင်ခရိုင်ပကဖ တာဝန်ရှိ သူကပြောပါတယ်။
သေဆုံးသူမှာ အသက် ၃၀ အရွယ်အမျိုးသမီးဖြစ်ပြီး သူဟာ မတ္တရာမြို့နယ်၊ ဆည်တော်လမ်းခွဲ ကျေးရွာကနေ ကလေးမီးဖွားလာသူဖြစ်ပါတယ်။


အလားတူ ဆေးရုံမှာဆေးကုသလာနေသူထဲက ၃ နှစ်နဲ့ ၅ နှစ်အရွယ်ကလေး ၂ ဦးအပါ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီထဲက အသက် ၃၅ နှစ် အရွယ်ရှိတဲ့အမျိုးသမီး ၁ ဦးကတော့ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
အခုဗုံးကြဲခံရတဲ့ ဆေးရုံဟာ ယက္ကန်းစင်တောင်ကျေးရွာမှာရှိပြီး အဲ့ဒီဆေးရုံကို ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက ၂၀၁၂ ဝန်းကျင်လောက်က တည်ဆောက်ထားတဲ့ အထွေထွေရောဂါကု ဆေးရုံဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ဇွန် ၉ ရက်ကလည်း စဉ့်ကူးမြို့ နယ်၊ ကျည်တောက်ပေါက်ကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
စာတည်း – လင်း
စဉ့်ကူး၊ ဇွန် ၉၊ ၂၀၂၅။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက် ကျေးရွာကဆေးရုံကို ဇွန် ၉ ရက် ဒီမနက် ၅ နာရီကျော်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ချိန် ဆေးရုံအနီးရှိ ရွာစျေးမှာ စျေးဝယ်နေတဲ့ အသက် ၂၀ အရွယ် ညီအစ်မ ၂ ဦးသေဆုံးခဲ့ကာ နောက်ထပ် ၂ ဦးတို့ ဒဏ်ရာရရှိခဲ့တာလို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။
“အဲ့မှာ တယောက်ပွဲချင်းပြီးသေတာ။ နောက်တယောက်က ဆေးရုံရောက်မှသေတာ။ ဆေးရုံနဲ့ စျေးက အနည်းငယ်တော့ဝေးပေမယ့် ဗုံးအစတွေတော့ လွှင့်စင်နိုင်တဲ့အနေအထားမှာရှိပါတယ်။ ဒဏ်ရာသူနှစ်ယောက်ကတော့ ကျား၊ မခွဲခြားမသိရသေးပါဘူး”လို့ သူကဆိုပါတယ်။


ကျည်တောက်ပေါက်ရွာရှိ တိုက်နယ်ဆေးရုံမှာ စဉ့်ကူးမြို့သိမ်းတိုက်ပွဲဖြစ်ကတည်းက လက်ရှိထိန်းချုပ်ထားချိန်ထိ ပိတ်သိမ်းထားတာဖြစ်ပေမယ့် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဥ် ၁ စီး နဲ့ ပေါင် ၂၅၀ ဗုံးသီး ၁ လုံးကြဲချခဲ့တာလို့ အထက်ပါအမျိုးသားကပြောပါတယ်။
မန္တလေးမြို့နဲ့ မိုင် ၅၀ ကျော်ကွာဝေးတဲ့ စဉ့်ကူးမြို့နယ်ကို မန္တလေး PDF က ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ၂၀၂၄၊ ဇူလိုင်လအတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နယ်မြေတခုလုံးကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇွန် ၃ ရက်ကလည်း စဉ့်ကူးမြို့ပေါ် ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို တိုက်ခိုက်ရေးလေယာဥ်နဲ့ဗုံးကြဲခဲ့တာကြောင့် ကျောင်းဆောင် ၂ ခုပျက်စီးခဲ့တယ်လို့သိရပါတယ်။
စာတည်း – လင်း
မြေလတ်အသံ၊ ဇွန် ၂၊ ၂၀၂၅။
မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်က စာသင်ကျောင်း၊ ဟိုတယ် နဲ့ လူနေအိမ်တွေကို စစ်ကောင်စီတပ်က ဇွန် ၁ ရက်မှာ တိုက်ခိုက်ရေးလေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ကံသာကျေးရွာရှိ နှစ်ထပ်ဆောင်စာသင်ကျောင်းကို ညနေ ၇ နာရီကျော်မှာ ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချခဲ့တာလို့ဆိုပါတယ်။
“စာသင်ကျောင်းဖွင့်လှစ်ပြီးသင်ကြားနေတာတော့မရှိဘူးဗျ။ မရှိလို့ လူထိခိုက်တာမရှိတာဗျ။ တိုက်ပွဲဖြစ်တာကတော့ လုံးဝကိုမရှိတာဗျ”လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောပါတယ်။
ဗုံးကြဲခံရတဲ့ စာသင်ကျောင်းဆောင်မှာ အခြေခံပညာအထက်တန်းကျောင်းဖြစ်ပြီး ကျောင်းအဆောက်အဦ ၁ ခုလုံးပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေ့လယ် ၁ နာရီနဲ့ ၂ နာရီကျော်မှာတော့ စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာရှိ Lucky 7 ဟိုတယ်နဲ့ နွယ်ရုံကျေးရွာတို့ကို ပေါင် ၃၀၀ ဗုံး ၁ လုံးစီ ကြဲချတိုက်ခိုက်ခံရတယ်လို့ အထက်ပါ တာဝန်ရှိသူကပြောပါတယ်။
Lucky7 ဟိုတယ်ဗုံးကြဲခံရမှုမှာ အနီးပတ်ဝန်းကျင်ရှိ အသက် ၂၀ နဲ့ ၃၀ ကျော်အရွယ်အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွယ်ရုံကျေးရွာမှာတော့ နေအိမ် ၂ လုံးပျက်စီးခဲ့ပေမယ့် လူအထိအခိုက်မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ချိန် သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားတာ လုံးဝမရှိဘူးလို့သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ မေ ၁၇ ရက်အထိ စစ်ကောင်စီတပ်က မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၇၂ ဦး သေဆုံးကာ ၁၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ မှတ်တမ်းအရသိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – HP