မြတ်
မြေလတ်အသံ၊ ဩဂုတ်၂၀၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က ၂ ရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၆ ဦး သေဆုံးကာ ဒဏ်ရာရသူအများအပြားရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၁၉ ရက် နေ့ မနေ့က နေ့လည် ၂ နာရီ ကျော်မှာ ရှောက်ပင်ရိုး ကျေးရွာက 147KTVကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လည် ၂ နာရီခွဲမှာလည်း ကျောက်တိုင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသား ၂ ဦး ခြေထောက်ထိမှန်ဒဏ်ရာ တွေရခဲ့တယ်လို့ သိရပါတယ်။
“မနေ့ကတော့ပိုထိတယ်။ ဒီနေ့လည်းကြဲတာက ၃ ကြိမ်။ ထိခိုက်ဒဏ်ရာပဲရတာ။ အခုတလော လေယာဉ်က တော်တော်ဆိုးနေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေပြီး ဝက်လက်မြို့နယ်မှာလည်း ၄ ရက်ဆက်တိုက် ယခင်တပ်ရင်းတွေ တပ်စွဲနေထိုင်ခဲ့တဲ့နေရာဟောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
မန္တလေးတိုင်းမှာလည်း မိုးကုတ်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့ကို ယခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ အများ အပြားပြုလုပ်ထားပြီး ပြည်သူသေဆုံးမှု ရာနဲ့ချီရှိခဲ့ပါတယ်။