◼ စစ်ကောင်စီတပ်တွေပစ်ခတ်လို့ သက်ကြီးပိုင်းလင်မယားလည်းသေဆုံး
မြေလတ်အသံ၊ မေ ၃၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ကို စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကိုမီးရှို့နေတာကြောင့် ဒေသခံ ၇,၀၀၀ ကျော် နေရပ်စွန့် ခွာထွက်ပြေးနေရကာ ပစ်ခတ်ခံရပြီးသေဆုံးသူတွေလည်းရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မေ ၂၉ ရက်မနက်ပိုင်းကစလို့ ပေါက်ခေါင်းမြို့ပေါ်ကစစ်ကြောင်းနဲ့ ပေါင်းတည်မြို့ပေါ်ကလာတဲ့စစ်ကြောင်းပေါင်းကာ အင်အား ၃၀၀ ခန့်နဲ့ မေ ၃၁ ရက်ဒီကနေ့အထိ ကျေးရွာ ၈ ရွာကို မီးရှို့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
“တပ်ရင်းကို မသိပါဘူး။ ၁ ခုကို အင်အား ၁၀၀ ကျော်နဲ့ ၂ ခုပေါင်း ၃၀၀ နီးပါးရှိမယ်လို့ ခန့်မှန်းရပါတယ်။”လို့ ပြည်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂမှ ဥက္ကဌ ကိုနှင်းသက်အောင် က ပြောပါတယ်။
ဒါ့အပြင် စစ်ကြောင်းဝင်နေတဲ့ ၃ ရက်အတွင်း မြေနီကျော၊ သဖန်းကိုင်း၊ ဒလမဲ၊ မရိုးကျွန်း၊ သစ်ပုတ်၊ အိုင်စောက်၊ ကွမ်းအုံစု၊ သိုက်ချောင်းစတဲ့ကျေးရွာတွေကိုမီးရှို့ခဲ့ပြီး မေ ၃၁ ရက်ဒီကနေ့မှာလည်း စစ်ကြောင်းက ဒလမဲကျေးရွာမှာတပ်စွဲရင်းမီးထပ်ရှို့နေတယ်လို့ သိရပါတယ်။
မီးလောင်ပျက်စီးတဲ့အရေအတွက်ကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မီးရှို့ခံရတဲ့ကျေးရွာနေပြည်သူ ၇,၀၀၀ ကျော်မှာ စစ်ရှောင်နေရပြီး ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေပါတာကြောင့် အစားအသောက်၊ ဆေးဝါးတွေလိုနေသလို သောက်ရေအခက်အခဲလည်းဖြစ်နေကြတယ်လို့ ကိုနှင်းသက်အောင်က ပြောပါတယ်။
“ခဏခဏ စစ်ကြောင်းထိုးတော့ တောထဲမှာ ယာယီတဲတွေ ကြိုလုပ်ထားတယ်။ အဲ့ဒီမှာပုန်းကြပါတယ်။ တချို့ကလည်း နီးစပ်ရာရွာတွေကို ပြေးကြတယ်။ တချို့က လက်မခံကြဘူး။”လို့ သူကဆိုပါတယ်။
ဒါ့အပြင် မေ ၃၀ ရက်မနက်ပိုင်းမှာ အိုင်စောက်ကျေးရွာရှိနေအိမ်ကို အဝတ်နဲ့စားသောက်ကုန်ပစ္စည်းတွေသွားယူတဲ့ အသက် ၆၀ အရွယ် ဦးငြိမ်းမောင်နဲ့ဒေါ်မပုတို့ လင်မယားကို ကျေးရွာထဲမှာကင်းပုန်းကျန်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့ စစ်ရှောင်တွေဆီကသိရပါတယ်။
အဲဒီလင်မယား ၂ ဦးရဲ့ရုပ်အလောင်းတွေကို မေ ၃၁ ရက်ဒီကနေ့အချိန်ထိ မကောက်ယူနိုင်သေးဘူးလို့ ကိုနှင်းသက်အောင်က ဆက်ပြောပါတယ်။
မေ ၃၀ ရက်ညနေက အိုင်စောက်ကျေးရွာအနီးတိုက်မှာ စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၁ လုံး တောင်ကန်ကလေးကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့်အသက် ၁၅ နှစ်ကျောင်းသူ ၁ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
“ကလေးမက ဘယ်နှစ်တန်းလဲ မသိရသေး။ ပေါင်မှာ လက်နက်ကြီးမှန်ထားပါတယ်။ မထနိုင်ပါဘူး။ အသက်အန္တရာယ် မစိုးရိမ်ရဘူး။”လို့ ကိုနှင်းသက်အောင်က ဆိုပါတယ်။
အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းကို မေ ၂၉ ရက်နဲ့ ၃၀ ရက်မှာလည်း ဒေသခံတော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေက တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြေပြင်အခြေအနေကိုသိရှိထားတဲ့ အမျိုးသားတဦးက ပြောပါတယ်။
ပေါက်ခေါင်းမြို့နယ်မှာ ကျေးရွာအုပ်စု ၅၃ ခုရှိပြီး မြို့ရဲ့တောင်ဘက်မှာ ပေါင်းတည်မြို့နယ်၊ သဲကုန်းမြို့နယ်၊ မြောက်ဘက်မှာအောင်လံမြို့နယ်၊ အရှေ့ဘက်မှာအုတ်တွင်း၊ တောင်ငူ၊ ရေတာရှည်၊ ဖြူး၊ နတ္တလင်းမြို့တို့အပြင် အနောက်ဘက်မှာ ပြည်မြို့နယ်တို့နဲ့ နယ်နမိတ်ချင်းထိစပ်လျက်ရှိပါတယ်။
စာတည်း – လင်း