မင်းလှ၊ စက်တင်ဘာ ၂၂၊ ၂၀၂၆။
ပဲခူးတိုင်း၊ မင်းလှမြို့၊ ဗိုလ်ရုံတန်းလမ်းမှာနေထိုင်တဲ့ လုပ်ငန်းရှင် အမျိုးသားတဦးကို စစ်တပ်ဖမ်းသွားပြီး ၁၀ ရက်အကြာမှာ သေဆုံးကာ မိသားစုဝင်တွေအလောင်းတောင်ပြန်မရဘူးလို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဝေဖြိုးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် အသက် ၂၇ နှစ်အရွယ် ကိုဝေဖြိုးအောင်ကို စစ်တပ်နဲ့ ရဲတွေက နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ နေအိမ်ရှိ မိသားစုဝင် ၈ ဦးကိုသာ မင်းလှရဲစခန်းကို လိုက်လာဖို့ အကြောင်းကြားလာတာကြောင့် မိသားစုတွေကို လိုက်သွားချိန် ကိုဝေဖြိုးအောင်ကို သေဆုံးလျက် တွေ့ခဲ့ရတာလို့ ဆိုပါတယ်။
“မိသားစု ၈ ယောက်သာ လာခွင့်ရှိတယ်။ သဂြိုလ်ဖို့ဆိုပြီးခေါ်လို့ သွားရတယ်။ ဟိုရောက်တော့ သဂြိုလ်လိုက်တာကိုပဲ မိသားစုတွေ မြင်လိုက်ရတယ်။ သူကိုစစ်ကြောရေးပို့ပြီး ရဲစခန်းပြန်ပို့ချိန် ရဲတွေက PDF တွေနဲ့ ပတ်သက်တဲ့ ပစ္စည်းထားတဲ့နေရာ တနေရာကို လိုက်ပြခိုင်းပြီး ဟိုလည်းကျကော ပစ်သတ်လိုက်တာ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။
ကိုဝေဖြိုးအောင် အဖမ်းမခံရခင် တလကျော်လောက်မှာ သာယာဝတီခရိုင်တပ်ရင်း ၂ က ရဲဘော်ရေခဲဆိုသူဟာ တပ်ရင်းပိုင်ငွေတွေကိုယူပြီး စစ်တပ်နဲ့ ပူးပေါင်းသွားပြီးနောက် ရေခဲရဲ့ သတင်းပေးမှုနဲ့ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ကိုဝေဖြိုးအောင်ကို သက်သေခံပစ္စည်းတွေအတွက် ရဲအဖွဲ့ဝင်တွေက နေရာလိုက်ပြခိုင်းစဥ် သေနတ်လုပြီး စခန်းမှူးကို ပြန်ပစ်တာကြောင့်စခန်းမှူးမှာ ပေါင်ကျည်ထိဒဏ်ရာရသွားအတွက် ပစ်ခတ်ဖမ်းဆီးချိန်မှာ သေဆုံးသွားတာဆိုပြီး ရဲတွေက မြို့ပေါ်မှာ သတင်းဖြန့်ထားတယ်လို့ ဆိုပါတယ်။
ကိုဝေဖြိုးအောင်ကိုတော့ စစ်တပ်က PDF တွေကို ငွေကြေး၊ ရိက္ခာထောက်ပံ့ကူညီသလို စစ်တပ်ရဲ့အသွားအလာ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး PDF တွေကို သတင်းပေးတာနဲ့ ကိုယ်တိုင်အကြမ်းဖက်လုပ်ငန်းတွေလုပ်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးသွားတာလို့ သိရပါတယ်။