မြေလတ်အသံ၊ ဇန်နဝါရီ ၆၊ ၂၀၂၆။
လမ်းပန်းဆက်သွယ်ရေးနဲ့ ဆေးဝါးကုသမှုအခက်အခဲကြီးမားနေတဲ့ မင်းကင်းမြို့နယ်ပြည်သူလူထုကို တဖက်တလမ်းက ဖြေရှင်းပေးနိုင်ခဲ့တဲ့ သင်တောရွာဆေးခန်းမှာတော့ ကုတင်အလွတ်တွေ၊ ဆေးလက်ကျန် တွေနဲ့ ဆေးခန်းစောင့်ခွေးတချို့သာကျန်ခဲ့ပြီး ခြောက်ကပ်လို့နေပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သင်တောရွာအခြေစိုက်တဲ့ အဲ့ဒီဆေးခန်းမှာ အဓိက ဆေးကုသမှုပေးနေတဲ့ မင်းကင်းမြို့နယ် CDM ဆေးရုံအုပ်ကြီး ဒေါက်တာခင်သူသူလွင် ဖမ်းဆီးခံရပြီး နောက်ပိုင်းတွေ့ရတဲ့ မြင်ကွင်းတချို့ပါ။
၂၀၂၅ နိုဝင်ဘာ ၃၀ ရက်က CDM ဆေးရုံအုပ် ဒေါက်တာခင်သူသူလွင်ကို ငွေကြေးဆိုင်ရာ အရှုပ်အရှင်းတွေ၊ လက်နက်ပြဿနာတွေအတွက် စစ်ဆေးဖို့ဆိုကာ သူနေထိုင်ရာဆေးခန်းမှာပဲ မင်းကင်းမြို့နယ် ပလဖ က လာရောက်ဖမ်းဆီးခဲ့ပါတယ်။
ဒေါက်တာခင်သူသူလွင်ကို မဖမ်းဆီးမီက ခွဲစိတ်လူနာတွေ၊ မွေးလူနာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူတွေအတွက် အားကိုးအားထားပြုခဲ့ရတဲ့ သင်တောရွာဆေးခန်းမှာတော့ သူ့ကို ဖမ်းဆီးသွားပြီး နောက်ပိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် စိုးရိမ်ရတာကြောင့် ဆက်လက် လည်ပတ်နိုင်ခြင်း မရှိတော့ပါဘူး။
ဒေါက်တာခင်သူသူလွင်ရဲ့ လက်ထောက်ဆရာဝန်တွေက မင်းကင်းမြို့နယ်အတွင်းမှာ ဆေးကုသမှုတွေ ပေးနေပေမယ့် ယခင်ကလို အင်အားကောင်းကောင်းနဲ့ လည်ပတ်နိုင်ခြင်းတော့ မရှိတော့ဘူးလို့ ဒေသခံအချို့ဆီက သိရပါတယ်။
၂၀၂၁ စစ်အာဏာမသိမ်းမီက မင်းကင်းမြို့နဲ့ ကလေးဝမြို့တို့ကို ဆေးဝါးကုသမှုအတွက် အားထားခဲ့ရပေမယ့် အာဏာသိမ်းပြီးကာလမှာတော့ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေကို ဖြေရှင်းစရာနေရာသိပ်မရှိတော့ကြောင်း ဒေသခံတွေကပြောပါတယ်။




























