ချောင်းဦး၊ နိုဝင်ဘာ ၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၂ ရက် မနက် ၉ နာရီ ၄၅ မိနစ်က ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကနေ ၁၂၀ မမ လက်နက်ကြီး ၄ လုံးပစ်ခတ်ရာ ငါးလုံးတင်ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“ရွာထဲကို ၄ လုံးစလုံးကျတယ်။ သူတို့ကနေအိမ်ထဲရှိနေချိန် ထိကြတာ။ အလွတ်ပစ်နေတာ။ ပုံမှန်လည်းပစ်နေကြပါ။ ထိခိုက်သေဆုံးထဲမှာ ကျောင်းသူတွေပါတယ်။ G-10 နဲ့G-7 တွေပါတယ်။ အကုန်တမိသားစုတွေဘဲ”လို့ ဒေသခံတဦးက ပြောပါတယ်။
လက်နက်ကြီးထိမှန်တာကြောင့် G-10 ကျောင်းသူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးနဲ့ အသက် ၂၂ နှစ်အရွယ်မိန်းကလေးတို့နေရာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် G-7 ကျောင်းသူ အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ် ၁ ဦးပြင်းထန်ဒဏ်ရာရပြီး နေအိမ် ၄ လုံးလည်းပျက်စီးခဲ့ကာ ဒေသခံတချို့ကတော့ ရွာကနေတိမ်းရှောင်နေကြတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
အဆိုပါ ငါးလုံးတင်ကျေးရွာကို စစ်ကော်မရှင်တပ်က မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာရှိပြီး အောက်တိုဘာ ၁၀ ရက် ညကလည်း ကျေးရွာထဲ လက်နက်ကြီးကျလို့ ပြည်သူအမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း







