ချောင်းဦး၊ မေ ၃၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာနဲ့ သန်းပင်ကန်ရွာတို့ကို ဘုန်းကြီးဝါသဝလက်အောက်ခံပျူစောထီးက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃၊ လျှပ်စီးတပ်ခွဲဆီက သိရပါတယ်။
မေ ၂၉ ရက်ညနေ ၃ နာရီမှာ ငါးယှန်ရွာမှာ အထိုင်ချတဲ့ ဘုန်းကြီးဝါသဝလက်အောက်ခံပျူစောထီးတွေက လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်ခတ်ရာ ပထမအကြိမ်မှာ မှန်ချိုရွာက ဘုန်းကြီးကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
“ငါးယှန်ရွာဘက်ကလှမ်းထုတာ မှန်ချိုရွာကို ၄ လုံးကျတယ်၊ ဓမ္မသုခဘုန်းကြီးကျောင်းအတွင်းထဲ ကျတာ၊ ဘုန်းကြီးကတော့ဒဏ်ရာထိခိုက်မှုရှိတယ်၊ ပေါင်မှာဒဏ်ရာကကြီးတယ်၊ မစိုးရိမ်ရဘူး၊ ၁၂၀ မမ လက်နက်ကြီးနဲ့လှမ်းပစ်တာ၊ ကျောင်းကတော့တော်တော်များများပျက်စီးသွားတယ်၊” လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ တာဝန်ခံ ကိုမိုးကြိုးက ပြောပါတယ်။



ဒါ့အပြင် နေ့လယ် ၃ နာရီခွဲလောက်မှာ ဒုတိယအကြိမ်ပစ်ခတ်ချိန် သန်းပင်ကန်ရွာကို ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ် ၃ လုံးပျက်စီးပြီး ဒေသခံအမျိုးသား ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ အထက်ပါဒေသခံကပြောပါတယ်။
“မနေ့က ၂ ကြိမ်လှမ်းထုတာ၊ ဒုတိယအကြိမ်က ငါးယှန်ရွာမြောက်ဘက်က သန်းပင်ကန်ကျေးရွာကို ၃ လုံးထုတာ၊ ပြည်သူ့နေအိမ်ထဲကို ၃ လုံးစလုံးကျတယ်၊ ၁ လုံးက ရွာရဲ့အနောက်ဘက်ကျတယ်၊ ၂ လုံးက အိမ်အတွင်းထဲကို ဒဲ့ကျတယ်၊ ပြည်သူ ၁ ဦးကတော့ အသက်ဆုံးရှုံးသွားရတယ်၊ ၁ ဦးကတော့ ပြင်းထန်ဒဏ်ရာရတယ်”လို့ သူက ဆက်ပြောပါတယ်။
သန်းပင်ကန်ရွာက အသက် ၄၃ နှစ်အရွယ် ကိုကျော်ဦးသေဆုံးခဲ့ပြီး အသက် ၂၃ နှစ် အရွယ်ကိုစံ တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ငါးယှန်ကျေးရွာမှာ ဘုန်းကြီးဝါသဝ လက်အောက်ခံပျူစောထီးတွေဟာ အထိုင်ချတပ်စွဲနေတာ ၁ လကျော်ရှိပြီဖြစ်ပြီး ဒေသခံတွေကို ဆက်ကြေးကောက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာတွေလုပ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၅ ရက်ကလည်း ချောင်းဦးမြို့ပေါ် လဝကရုံးမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ငါးလုံးတင်ကျေးရွာကို ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၃ ဦး၊ ကိုရင် ၁ ပါးနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပါသေးတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ မေ ၂၉ ရက်အထိ စစ်ကောင်စီနဲ့၎င်းရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူစုစုပေါင်း ၆,၇၆၄ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့အစီရင်ခံစာအရသိရပါတယ်။

စာတည်း – လင်း