အုတ်တွင်း၊ ဒီဇင်ဘာ ၂၊ ၂၀၂၅။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ခပေါင်းကွက်သစ်အနီးရှိ ခပေါင်းချောင်းတွင်းခုန်ချသွားတဲ့ သက်ကြီး အမျိုးသား ၃ ရက်ကြာတဲ့အထိ ရှာမတွေ့သေးဘူးလို့ ကူညီရှာဖွေရေးလုပ်ဆောင်ပေးနေသူတွေဆီက သိရပါတယ်။
ချောင်းအတွင်းခုန်ချသွားသူက ခပေါင်းကွက်သစ်နေ ဆိုင်ကယ်ကယ်ရီမောင်းသူ အသက် ၇၀ ကျော်အရွယ်ရှိ အမျိုးသား ၁ ဦးဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက် ညနေ ၃ နာရီခန့်မှာ သူနေထိုင်ရာ နေအိမ်နဲ့တဖာလုံခန့်အကွာ ချောင်းထဲခုန်ချသွားတာလို့ ဆိုပါတယ်။

“အဲ့နေ့က ဘာစိတ်ညစ်လဲမသိဘူး။ အင်္ကျီလေးတွေလည်း ချွတ်ခဲ့တယ်။ ပိုက်ဆံတွေလည်းထားခဲ့ပြီး ချောင်းအတွင်းခုန်ချသွားတာ။ သူဆင်းတဲ့အချိန်လည်း ညနေပိုင်းရေလွှတ်တဲ့အချိန်ဖြစ်လို့ ရေကများတယ်။ ရေစီးကလည်း သန်တော့ရှာမတွေ့သေးဘူး”လို့ ကူညီရှာဖွေရေးလုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။
အဆိုပါ အမျိုးသား ချောင်းအတွင်းခုန်ချသွားချိန်ကနေ ဒီဇင်ဘာ ၂ ရက်အထိ လူမှုကူညီရေး အသင်းတွေက ခပေါင်းချောင်းတလျှောက်ရှာဖွေနေကြပေမယ့် မတွေ့သေးဘူးလို့ ဆိုပါတယ်။
ခပေါင်းချောင်းဟာ စစ်တောင်းမြစ်အတွင်းစီးဝင်တာဖြစ်လို့ မြစ်ကမ်းဘေးတလျှောက် သေဆုံးအလောင်းတွေ့ပါကလည်း အကြောင်းကြားပေးကြဖို့ နီးစပ်ရာကို အကူအညီ တောင်းထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၅ ရက်ကလည်း တောင်ငူမြို့နယ်၊ ပွတ်စုကျေးရွာအနီး ခပေါင်းချောင်းအတွင်းမှာ ရေဆင်းကူးတဲ့ လူငယ် ၂ ဦးရေနစ်သေဆုံးသွားသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း

