ရေစကြို၊ ဒီဇင်ဘာ ၅၊ ၂၀၂၅။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဖူလုံရွာမှာ ဘိလိယက်ထိုးနေတဲ့ ခလရ ၂၅၇ ကတပ်ရေးဗိုလ်ကြီးကို ဒီဇင်ဘာ ၃ ရက်ညနေပိုင်းမှာ ပစ်သတ်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ပစ်ခတ်ခံရသူဟာ ခလရ ၂၅၇ တပ်ရင်းမှ အသက် ၃၅ အရွယ် တပ်ရေးဗိုလ်ကြီးသက်နိုင်ဦး (ခ) A2 ကို ညနေ ၄ နာရီလောက်မှာ ရေစကြိုပကဖတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားချိန် လမ်းမှာပစ်ခတ်ခဲ့တာ လို့ ဆိုပါတယ်။

“ဖူလုံကျေးရွာထဲက ဘီလီယက်ခုံမှာ ကျနော်တို့ သွားပြီးဖမ်းခဲ့တာ၊ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး (ခ) A2 ပေါ့၊ ဖမ်းဆီးတဲ့အချိန်မှာ အသာတကြည်ပဲ ဖမ်းဆီးခဲ့တယ်၊ ခေါ်ဆောင်လာတဲ့အချိန်လမ်းမှာ ဒီကောင်က ကျနော်တို့ရဲဘော်လက်ထဲက ဂန်း (Gun) ကိုဆွဲလုပြီး ပြန်ခုခံတာ၊ ကျနော်တို့ရဲဘော်တွေက နေရာမှာတင် ရှင်းလင်းခဲ့ရတယ်”လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဗိုလ်ကြီးသက်နိုင် အကြောင်းကို ကြိုတင်ထောက်လှမ်းပြီးမှ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ဆီကနေ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၃ လုံး၊ ငွေသား ၃ သိန်း၊ မှတ်ပုံတင် ၂ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ ဒီကောင့်အကြောင်းကို ကြိုတင်ထောက်လှမ်းထားတာတွေရှိတယ်၊ အဲ့ဒီထောက်လှမ်းချက်နဲ့ ကျနော်တို့ စောင့်ကြည့်ပြီးတော့ အလုပ်လုပ်ခဲ့ရတာ၊ သူရဲ့အလောင်းကိုတော့ ပစ်ခတ်ခဲ့တဲ့လမ်းပေါ်မှာပဲ ပစ်ထားခဲ့တာ၊ ည ၈ နာရီလောက်မှာ တပ်ထဲကနေ ကားနဲ့လာပြီးကောက်သွားတယ်”လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၇ ရက်ကလည်း ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တပ်က အင်အား ၁၂၀ ပါစစ်ကြောင်းကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ၃ ပွင့်ဗိုလ် ၁ ဦးနဲ့ စစ်ကော်မရှင် တပ်သား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း