ခန္တီး၊ ဒီဇင်ဘာ ၁၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ခရစ်ယာန်သင်းအုပ်ဆရာ ၁ ဦး ဒီဇင်ဘာ ၈ ရက်မှာ စစ်မှုထမ်း ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အသက် ၄၀ ဝန်းကျင်အရွယ်ရှိ မကန်နောင်နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာ ဦးဆန်းကြီးဆိုသူကို ခန္တီးမြို့ စက်လှေဆိပ်မှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“မိသားစုနဲ့တော့ တွေ့ခွင့်ရတယ်။ ပြန်လွှတ်ပေးဖို့ ညှိနှိုင်းနေတာတော့ရှိတယ်။ အဆင်ပြေတယ်လို့တော့ မကြားမိသေးဘူး”လို့ ဖြစ်စဥ်ကိုသိထားတဲ့ မြို့ခံတဦးကပြောပါတယ်။
ဖမ်းဆီးထားတဲ့ သင်းအုပ်ဆရာကို ခန္တီးမြို့မရဲစခန်းရဲ့ စစ်မှုထမ်းတွေအတွက်သီးသန့်ထားတဲ့ အဆောင်မှာထားရှိထားပြီး ဒီဇင်ဘာ ၁၀ ရက်အထိတော့ စစ်မှုထမ်းပို့ဆောင်တာမရှိသလို ပြန်လွှတ်ပေးတာလည်း မရှိသေးဘူးလို့ ဆိုပါတယ်။
အဆိုပါစခန်းဝင်းအတွင်းမှာလည်း စစ်မှုထမ်းအတွက် ဖမ်းဆီးခံထားရသူ လူငယ် ၂၀ ခန့်ရှိနေပြီး လေယာဥ်မလာသေးတာကြောင့် စောင့်ဆိုင်းနေတယ်လို့သိရကာ ခန္တီးကနေ စစ်မှုထမ်းဖမ်းထားသူတွေကို စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ကိုပို့ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။
ခန္တီးမြို့မှာ စစ်မှုထမ်းအတွက် မြို့နယ်စီမံကောင်စီအဖွဲ့ကနေ အဓိကထားလုပ်ဆောင်နေပြီး တပတ်စဥ်ကို အနည်းဆုံး လူ ၁၀ ဦးရှာဖွေပြီး ပို့ဆောင်ပေးရလေ့ရှိတယ်လို့ ဆိုပါတယ်။
“နဂတောင်တန်းအခြေနေအရနဲ့ ဟုမ္မလင်းအခြေနေအရ ကျန်နေရာတွေက SNA နဲ့ငြိမ်းချမ်းရေး အဖွဲ့တွေကြီးစိုးရာဒေသဆိုတော့ ခန္တီးကိုပဲ ဖိအားပေးပြီး စစ်မှုထမ်းပေးတာကို အဓိကထားလုပ်နေသလို ဖြစ်နေတယ်။ တပတ်စဥ်ကိုအနည်းဆုံး ၁၀ ဦးလောက်ကို ပေးနေရတာ”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ခန္တီးမြို့ဟာ လူဦးရေ ၃၀,၀၀၀ ကျော်ရှိပြီး စစ်မှုထမ်းအသက်အရွယ် အကျုံးဝင် လူဦးရေက ၃,၀၀၀ ဝန်းကျင်ခန့်ရှိလို့ မြို့ခံအမျိုးသားတွေအတွက် အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း ခန္တီးမြို့ကို စစ်ကော်မရှင်ခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်လာစဥ် မြို့မိမြို့ဖ တွေက စစ်မှုထမ်းပေးရမှုယာယီရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဝန်ကြီးချုပ်က သူ့အနေနဲ့ လုပ်ပေးလို့မရကြောင်း ပြောဆိုခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း