ယင်းမာပင်၊ မေ ၁၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရေကြည်ပင်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံကျောင်းသူ ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မေ ၁၄ ရက်ည ၉ နာရီခွဲမှာ အောင်ဇေယျမြို့သစ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ရာ ၁၈ နှစ်အရွယ် ၁၂ တန်းကျောင်းသူ မယမင်းသိမ့် ထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၁ လုံးလည်းမီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“သူကစာကျက်နေတာ၊ ဒီအိမ်ပိုင်ရှင် ကိုရင်က ဗိုက်နာလို့ဆိုပြီး ဆေးဗူးသွားယူပေးတာ၊ အပေါက်ဝတင်ရှိသေးတာ၊ အပြင်ဘက်ထွက်ပြီးလို့ တံခါးပေါက်ပြန်ပြီးစေ့မလို့ရှိသေးတာ၊ အဲ့ဒါကျသွားတာ။” လို့ ဖြစ်စဉ်အနီးမှာရှိတဲ့ ရွာခံတဦးကပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်က လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး ရေကြည်ပင်ရွာထဲ၊ ရွာအနီး လယ်ကွင်းတွေထဲနဲ့ မြရိပ်ရွာအပြင်ကို ၁ လုံးစီကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မယမင်းသိမ့် သေဆုံးမှုနဲ့ပတ်သက်ပြီး နောက်ထပ်အိမ်နီးချင်းတဦးကလည်း ဆေးခန်းကိုပို့တဲ့လမ်းအထိ အသက်ပါလာသေးပြီး ဆေးခန်းရှိတဲ့ရွာကိုရောက်မှ သေဆုံးခဲ့တာလို့ ပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ အိမ်မှာတော့ ဆိုင်ကယ် ၂ စီး၊ စက်ဘီး ၂ စီး၊ သိုလှောင်ထားတဲ့ ကြက်သွန်၊ စပါး အစရှိတာတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး အနီးအနားကအိမ်တွေမှာလည်း ခေါင်မိုးအပေါက်တွေ၊ နံရံအပေါက်တွေဖြစ်သွားတယ်လို့ ရွာခံတွေဆီကသိရပါတယ်။
မယမင်းသိမ့်ရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့လယ်ခင်းမှာ သင်္ဂြိုဟ်ပေးမယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေကဆိုပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲစဉ် မီးလောင်ခဲ့တဲ့နေအိမ်ကိုတော့ ည ၁၁ နာရီလောက်မှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး ရှင်ပြုအလှူပွဲရှိတဲ့အဲဒီရွာမှာ အလှူအောင်ပွဲအဖြစ် ကခုန်နေကြသူတွေလည်း မီးမငြှိမ်းနိုင်ဘဲလွတ်ရာရွာတွေကို ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။
မေ ၁၄ ရက် နေ့လယ်ခင်းကလည်း လုံခြုံရေးတပ်ရင်း ၂၈ (မုံရွာ) ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ထန်းတောကြီးရွာက အသက် ၃ နှစ်အရွယ်ယောက်ျားလေး ၁ ဦးကို လက်နက်ကြီးအစထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M