မြေလတ်အသံ၊ ဇန်နဝါရီ ၁၉၊ ၂၀၂၆။
စစ်ကော်မရှင်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ရဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်တိမ်းရှောင်နေရတဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးနဲ့ ဖြူးမြို့နယ်က စစ်ဘေးရှောင်တွေအကူအညီလိုအပ်နေတယ်လို့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်းရုံးမှတာဝန်ရှိသူတဦးက ပြောပါတယ်။
ဇန်နဝါရီ ၁၀ ရက်ကစလို့ ကျောက်တံခါးနဲ့ ဖြူးမြို့နယ်အစပ်ရှိ ရွာ ၁၉ ရွာရှိ အိမ်ထောင်စာ ၈၀၁ စုမှ ဒေသခံ ၂,၀၀၀ ကျော်က နေရပ်ကတိမ်းရှောင်လာရကာ လက်ရှိမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေလိုအပ်နေတယ်လို့ ဆိုပါတယ်။


“တချို့ကလေးငယ်တွေနဲ့ အဘိုး၊အဘွားတွေက ဖျားတာ၊ နှာစေး၊ ချောင်းဆိုးတာတွေ ဖြစ်နေကြတယ်။ သောက်ဆေးတွေက ရွာကနေပါတဲ့သူတွေရှိတယ်။ မပါလာကြတဲ့သူတွေရှိတယ်။ အဲ့ဒါတွေနဲ့ မျှသောက်နေကြတယ်။ စားသောက်တာကျတော့ ဆန်ရှိတဲ့သူနဲ့မရှိသူတွေ မျှစားကြတယ်။ အနီးနားက တောထဲတွေက ဟင်းတွေရှာစားကြတယ်။ အဲ့လိုလည်ပတ်နေကြတာကို တွေ့ခဲ့ရတယ်။ တာရှည်ဆိုရင်တော့ ခက်ခဲလာမယ်လေ”လို့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်းရုံးမှတာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါစစ်ဘေးရှောင် အိမ်ထောင်စု ၈၀၁ စုထဲက အိမ်ထောင်စု ၃၀၀ ကျော်အတွက် ပဲခူးတိုင်းပကဖ က ငွေကျပ်သိန်း ၆၀ ကို ဖြူးမြို့နယ်လူသားချင်းစာနာထောက်ထားရေးအဖွဲ့ထံတဆင့် ဇန်နဝါရီ ၁၇ ရက်မှာထောက်ပံ့ပေးခဲ့ကာ နောက်ထပ်ထောက်ပံ့မယ့်အဖွဲ့အစည်းတွေတော့ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီစစ်ရှောင်တွေမှာ အမျိုးသမီး ၁,၃၂၀ ဦးနဲ့ အမျိုးသား ၁,၁၇၉ ဦးရှိပြီး အမျိုးသမီးတွေအတွက် လစဥ်သုံးတွေလည်းလိုအပ်နေပြီး တိုက်ပွဲလွတ်ရာကျေးရွာတွေရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြသလို တချို့ကလည်း လယ်ကွင်းတွေထဲမှာ တဲထိုးပြီးနေကြရတယ်လို့ ဆိုပါတယ်။


ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့အပါအဝင် ကျောက်တံခါးနဲ့ အုတ်တွင်းမြို့နယ်မှ စစ်ကော်မရှင်စခန်း ၁၄ ခုကို ဇန်နဝါရီ ၉ ရက် ဒီမနက်အစောပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၂ ရက်မှာလည်း ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ကြိမ်ခါးကုန်း ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၂၀ကျော်ပါ စစ်ကော်မရှင်တပ်သားတွေကို PDFပူးပေါင်းတပ်ဖွဲ့တွေ က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သား ၂၀ ဦးသေဆုံးပြီး သေနတ် ၁၀ လက်ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း







