မြစ်သား၊ နိုဝင်ဘာ ၁၉၊ ၂၀၂၆။
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ မင်းဝန်ကျေးရွာအနီးရှိ ရွှေမင်းဝန်ဘုရားပွဲအတွင်းရှိနေတဲ့ ပြည်သူစစ်ခေါင်းဆောင်နဲ့အဖွဲ့ကို စားပွဲထိုးဟန်ဆောင်ပြီး ပစ်ခတ်ရှင်းလင်းရာ သေဆုံးသူ ၉ ဦး ထိရှိတယ်လို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ တာဝန်ရှိသူတွေထံက သိရပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့ည ၁၀ နာရီခန့်မှာ ဘုရားပွဲအတွင်းက လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ကျောက်ဆောက်ရွာ ပြည်သူစစ်ခေါင်းဆောင်လှဝင်းနဲ့အဖွဲ့ကို အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
“မနေ့က လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးအနေနဲ့နေပြီး ဆရာတို့ ဘာလိုအပ်သေးလဲ ဘာညာမေးပြီးတော့ လက်နက်ငယ်နဲ့ တန်းပစ်ခဲ့တာ။ အုပ်ကြီးနဲ့ ပျူရယ် ရဲရယ် ၉ ယောက်သေတယ်။ ၂ ယောက်က ခြေထောက်ထိတယ်။ သူတို့ဘက်က အင်အားများတယ်။ ဂေါင်ကြီးတွေဖြုတ်ပြီးမှာ အနောက်ကိုတန်းဆုတ်လာတာ။ သုံးဦးတည်းနဲ့ပါ”လို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ တာဝန်ရှိသူက ပြောပါတယ်။
ကျောက်ဆည်ခရိုင် တပ်ရင်းအဖွဲ့တွေအနေနဲ့ ကျောက်ဆည်နယ်ထဲ ပြန်ရောက်လာပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်သူတွေနဲ့ ဝေးဝေးနေဖို့ သတိပေးထားပါတယ်။
ဘုရားပွဲအတွင်းရှိသူနေသူတွေ ပြောဆိုချက်အရ ပြည်သူစစ်ခေါင်းဆောင်လှဝင်းနဲ့အဖွဲ့ဟာ ဆိုင်မှာ ထိုင်နေချိန် လက်နက်ကိုင်ထားသူတွေက ပစ်ခတ်မှုပြုလုပ်လို့ ပြည်သူစစ်အဖွဲ့တွေအပါအဝင် အနီးအနားရှိနေသူတွေပါ ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
“ပွဲက သူလုပ်ထားတဲ့ပွဲဆိုတော့ ပွဲမှာ ဆိုင်ထိုင်နေတာကို PDF က လာပစ်သွားတာ။ သူက ပွဲကန်ထရိုက်လုပ်ထားတာ။ သူတပည့်နှစ်ယောက်သုံးယောက်နဲ့ ထိုင်နေတာကို လာပစ်တာက ပတ်ပတ်လည်ပစ်သွားတာဆိုတော့ မဆိုင်သူတွေပါ ထိကုန်တာ”လို့ ပွဲခင်းထဲရှိခဲ့သူတဦးက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း ဦးလှဝင်းအပါ ပြည်သူစစ် ၃ ဦး၊ ဘုရားပွဲလာ အမျိုးသား ၂ ဦးနဲ့ စျေးဆိုင်ရှင် အမျိုးသမီး ၁ ဦးတို့သေဆုံးပြီး ဆိုင်အနီးရှိနေသူ ပွဲခင်းလာသူ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ပွဲခင်းထဲရှိခဲ့သူထံက သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ပွဲခင်းလုံခြုံရေးအတွက် ပြည်သူစစ်၊ ရဲနဲ့တပ်က အဖွဲ့တွေလည်းရှိနေတယ်လို့သိရပြီး ပစ်ခတ်သူ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ အဖွဲ့ဝင်တွေက လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ထိခိုက်သေဆုံးသူကိုတော့ မြစ်သားမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေရတယ်လို့သိရကာ အဆိုပါ ပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့တွေက ပြုလုပ်တယ်ဆိုတာ မသိရသေးပါဘူး။
ရွှေမင်းဝန်ဘုရားပွဲဟာ နှစ်စဥ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိကျင်းပပြုလုပ်လေ့ရှိပြီး နတ်ပွဲနဲ့ဘုရားပွဲ၊ ဇာတ်ပွဲများထည့်သွင်းကျင်းပလေ့ရှိကာ ဒေသတွင်း စည်ကားတဲ့ ပွဲတော်တစ်ခုဖြစ်လို့ နတ်ဆက်သူ၊ ပွဲတော်လာသူတွေနဲ့ စည်းကားတဲ့ ပွဲတစ်ခုဖြစ်ကာ ပစ်ခတ်မှုကြောင့် ဘုရားပွဲလည်းပျက်သွားတယ်လို့ သိရပါတယ်။