ညောင်လေးပင်၊ ဧပြီ ၁၉၊ ၂၀၂၅။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ကနေ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကဒက်ချောင်းမှာ ဖမ်းဆီးခံထားရတဲ့ ညောင်လေးပင်ကပျူစောထီးမိသားစုဝင် ၄၀ ကျော်ကို ပြန်လွှတ်လိုက်ပြီး အဲ့ဒီထဲက အရေးပါတဲ့ပျူစောထီး ၆ ဦးကိုတော့ ဆက်လက်ဖမ်းဆီးစစ်ဆေးနေတယ်လို့ အမှတ် ၂ စစ်ဒေသခွဲ၊ အမှတ် ၂၇ စစ်ဗျူဟာတာဝန်ရှိသူဆီက သိရပါတယ်။
ဧပြီ ၁၈ ရက်မှာ ဖမ်းမိထားတဲ့အထဲပါလာတဲ့ အသက် ၁၀ နှစ်အောက် ကလေးငယ်တွေ အမျိုးသမီးတွေနဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
“ခေါင်းဆောင်ကတော့ လှိုင်မင်းပါ။ သူနဲ့အတူ ပျူအဖွဲ့ဝင် ၄ ယောက်ပါတယ်။ သူနဲ့ဆို ၅ ယောက်ပေါ့။ ကြီးမားတဲ့ပစ်မှုတွေကို အများကြီး ကျူးလွန်ထားကြပါတယ်။ သူ့မိသားစုဝင်တွေကိုတော့ ကောင်းကောင်းမွန်မွန်ကျွေးမွေးစောင့်ရှောက်ထားပြီး ပြန်လွှတ်ပေးခဲ့ပါတယ်”လို့ အမှတ် ၂၇ စစ်ဗျူဟာ တာဝန်ရှိသူတဦးကပြောပါတယ်။
ပျူစောထီးတွေကို ဖမ်းဆီးတာဟာ စစ်ကောင်စီထောက်ခံချန်နယ်တွေကဝါဒဖြန့်သလိုမျိုး ဘုရားဖူး ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးတာမျိုးမဟုတ်ဘဲ ပျူစောထီးတွေဖြစ်ကြောင်း သတင်းအတိအကျရတဲ့အတွက် ဖမ်းဆီးတာဖြစ်တယ်လို့ အထက်ပါ တာဝန်ရှိသူကဆက်ပြောပါတယ်။
မိသားစုဝင်တွေကိုပြန်လွှတ်ပေးခဲ့ပြီး ပျူစောထီးတွေဖြစ်တဲ့ ခေါင်းဆောင် လှိုင်မင်း၊ ဇနီးဖြစ်သူ ယမင်း၊ သားဖြစ်သူ မင်းမော်ဦး၊ မဲကြီး၊ ကျော်ကျော်ဦး၊ သိန်းဌေးတို့ကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဆက်လက်ဖမ်းဆီးထားသူ ၆ ဦးက လူသတ်အလောင်းဖျောက်တာ၊ ခမရ ၂၀ က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး ရွာတွေမီးရှို့တာ၊ လူငယ်တွေကို စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်တဲ့ကိစ္စတွေကိုကျူးလွန်ထားတယ်လို့ စစ်ဆေးထားမှုအရ သိရတယ်လို့ဆိုပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်တွေအရ ကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက် ထိရောက်တဲ့ ပြစ်ဒဏ်ရအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး ပြစ်မှုပြစ်ဒဏ်ကတော့ မဆုံးဖြတ်ရသေးဘူးလို့ အထက်ပါ တာဝန်ရှိသူကဆက်ပြောပါတယ်။
ဧပြီ ၁၅ ရက်နေ့လယ် ၂ နာရီခန့်မှာ ကဒက်ချောင်းရှိ ဝါဆိုမိုးစားသောက်ဆိုင်မှာရှိနေတဲ့ ပျူစောထီး ခေါင်းဆောင် လှိုင်မင်း၊ ဇနီးဖြစ်သူ ယမင်းနဲ့ ပျူစောထီး ဒုခေါင်းဆောင် မဲကြီး အပါအဝင် အမျိုးသား၊ အမျိုးသမီး ၄၀ ကျော်ကို အမှတ် ၂၇ စစ်ဗျူဟာတပ်ဖွဲ့ဝင်တွေက ဖမ်ဆီးခဲ့တာဖြစ်ပါတယ်။
ပုံစာ – ပျူစောထီးခေါင်းဆောင်လှိုင်မင်း။
သတင်း – ကျော်ကြီး၊ စာတည်း – လင်း