ပွင့်ဖြူ၊ အောက်တိုဘာ ၁၊ ၂၀၂၅။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းကကျေးရွာတွေမှာ တောင်သူတွေပိုင်ဆိုင်တဲ့ ဆိတ်နဲ့ နွား အကောင်ရေရာချီ ခွာနာလျှာနာရောဂါကူးစက်မှုဖြစ်နေပြီး ဆေးကုသပေးနိုင်ဖို့ အခက်တွေ့နေကြရတယ်လို့ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
စက်တင်ဘာတတိယအပတ်လောက်မှာ ပွင့်ဖြူမြို့နယ်အတွင်း မိုးသည်းထန်စွာပြီးနောက် အပူအအေးမမျှတဲ့အတွက် ဒေသတွင်း နွားတွေမှာခွာနာလျှာနာ ရောဂါတွေဖြစ်ပွားနေကာ ရောဂါဖြစ်နေတဲ့နွားအကောင်ရေတဖြည်းဖြည်းများလာပြီး သေဆုံးမှုတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။
“ကျနော်မှာ ခိုင်းနွား ၂ ကောင်ရှိတာ ၁ ကောင်ပျက်စီးသွားတယ်။ ခွာနာလျှာနာကြောင့်။ ခွာနာလျှာနာက အပူအအေးမမျှလို့ ဖြစ်တာလို့ပြောရမယ်။ မိုးတွေလည်းတအားရွာနေတယ်။ ခွာနာလျှာနာက တခါတလေ မိုးဦးကျဖြစ်တတ်တယ်။ သူကလည်း ကူးစက်တတ်တဲ့ရောဂါကိုး။ ရွာမှာတောင် ၆၀ မကဘူး။ ၁၀၀ လောက်ဖြစ်တယ်။ နွားတိုက်သမား(နွားမွေးမြူရေးလုပ်သူ)တွေမှာပိုဖြစ်တယ်။ “လို့ ဇီးကျွန်းရွာခံ တောင်သူတဦးကပြောပါတယ်။
နွားတွေမှာ ခွာနာလျှာနာရောဂါဖြစ်နေတာကို ဆေးမြီးတိုတွေဖြစ်တဲ့ နွားညီနောင်ဆေးတိုက်တာ၊ ဆေးဝါရည်လိမ်းပေးတာ၊ ထုံး၊ ဆေးရွက်ကြီး၊ ဆနွင်းရောလိမ်းပေးတာ၊ ပိုဆိုးဝါးလာပါက တိမွေးအထူးကုဆရာဝန်တွေကို ခေါ်ယူပြီးဆေးထိုးတာတွေ ပြုလုပ်လေ့ရှိကြတယ်လို့ ဆိုပါတယ်။
ဒါ့ပေမယ့် လက်ရှိရောဂါဖြစ်ပွားနေတဲ့ ဒေသတွေဟာ နယ်မြေမတည်ငြိမ်တဲ့ဒေသတွေဖြစ်ပြီး တိမွေးကုဆရာဝန် ခေါ်ဖို့ခက်ခဲတာ၊ ဆေးမရှိတာ၊ ဆေးဝါးတွေ မှာယူသယ်ဆောင်ဖို့ ခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။
“တိမွေးကုခေါ်ဖို့ကအဆင်မပြေဘူး။ စားဝတ်နေရေးကလိုသေးတာကိုး။ နယ်မြေအခြေအနေလည်း ပါသလို အကုန်ကျလည်းမခံနိုင်ကြဘူး။ တိမွေးကုကလည်းရှားတယ်။ အကြောင်းလည်းမကြားဖြစ်ဘူး။ မပြည်စုံတဲ့အပိုင်းတွေပါတယ်။ နယ်မြေလည်းမအေးချမ်းဘူး။ မလာနိုင်လောက်ဘူး။ သွားရေးလာရေးကလည်း လူဆွဲမှာကြောက်ရတယ်”လို့ သူကပြောပါတယ်။
နွားတွေခွာနာလျှာနာဖြစ်နေတာက တခါတရံ ဖြစ်လေ့ဖြစ်ထရှိပေမယ့် ယခုနှစ်လောက်ဆိုးရွားတာမျိုးမရှိဘဲ ယခုနှစ်မှာဆို ရောဂါဖြစ်ပွားမှုနှန်းများလာသလို ဖြစ်ပွားတဲ့ကျေးရွာတွေလည်း များတယ်လို့ ဆိုပါတယ်။
ဒေသတွင်း ကျေးရွာတွေက တောင်သူတွေပိုင်တဲ့ နွား၊ ဆိတ်တွေမှာ ခွာနာလျှာနာရောဂါတွေ ဖြစ်ပွားနေတာများနေပေမယ့် ကာကွယ်ဆေးမရှိ၊ ထိုးဆေးတွေမရှိတာကြောင့် ခိုင်းနွား၊ ပြနွား(နွားသိုး)၊ ဇီးရှိ နွားမတွေကအစ သေဆုံးတာတွေရှိနေတယ်လို့ မင်းဘူးခရိုင်ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားကပြောပါတယ်။
“ဆေးကုသဖို့က ရောဂါဖြစ်နေတဲ့ ခြံတွေမှာ ပိုးသတ်ဖို့ ထုံးရိုင်းတွေလိုမယ်။ ခွာနာလျှာနာပျောက်မယ့် ဆေးတွေလိုမယ်။ လက်ရှိက အရေးပေါ်လိုတာက ထုံးလိုအပ်တယ်။ ခြံတွေခြောက်သွေ့ဖို့ ထုံးတွေ ပက်ရမယ်။ ဆေးထိုးရမယ်။ တိမွေးကုဆရာဝန်တွေနဲ့ဆေးကုရမှာပေါ့”လို့ သူကပြောပါတယ်။
ခွာနာလျှာနာရောဂါဖြစ်တာက ဇီးကျွန်း၊ တမီးကုန်း၊ ပေတောချောင်း၊ မဒဲ၊ ကနီ၊ အင်းကုန်း၊ ညောင်ပင်ဝိုင်း၊ ထူးကုန်းအပါအဝင် ကျေးရွာ ၃၀ လောက်က နွားတွေမှာ ၁ ရွာလျင် အကောင် ၂၀ မှ ၁၀၀ ကြားထိဖြစ်ပွားနေကာ သေဆုံးတဲ့ နွားအကောင်ရေက ၁၅ ကောင်သေဆုံးတယ်လို့ စာရင်းရရှိထားပြီး မြေပြင်မှာဒီထက်ပိုများနိုင်တယ်လို့ မင်းဘူးခရိုင်ပကဖဆီက သိရပါတယ်။
ဒါ့အပြင် ခွာနာလျှာနာရောဂါဖြစ်ပွားနေတဲ့ ဆိတ်အရေအတွက်မှာလည်း နွားအရေအတွက် ထက်များတယ်လို့ သိရပါတယ်။
လယ်ယာလုပ်ငန်းခွင်အတွက် အသုံးပြုနေတဲ့ နွားတွေရောဂါဖြစ်သေဆုံးရတာတွေကြောင့် လယ်ယာလုပ်ငန်းခွင်အတွက်အခက်ခဲဖြစ်သလို တန်ဖိုး ကျပ်သိန်း ၄၀ ခန့်တန်တဲ့ နွားတွေသေဆုံးရတာကြောင့် ဆုံးရှုံးမှုများတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
ခွာနာလျှာနာရောဂါဖြစ်ပွားပါက အစာမစားတာ၊ ကိုယ်ပူတာ၊ လျှာ၊ ခြေထောက်၊ ခွာကြားမှာ အရည်ကြည်ပါအဖုငယ်တွေဖြစ်တာ၊ ခွာတွေနီရဲပြီး ဆေးမကုသနိင်ပါက လောက်တွယ်တာတွေဖြစ်လာကာ ရောဂါပြင်းထန်လာပါက ခွာပြုတ်တာ၊ လမ်းမလျှောက်နိုင်တာ၊ သေဆုံးတာထိ ဖြစ်လာတယ်လို့ သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – HP