■ SRF ခေါင်းဆောင်ရဲ့ ရည်းစားကို ပကဖက ထပ်မံဖမ်းဆီး
မင်းကင်း၊ ဇူလိုင် ၁၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အခြေစိုက် SRF တပ်ဖွဲ့က ဖမ်းဆီးခံထားရတဲ့ ကိုစံတင်ထွန်းဟာ ပသုံးလုံး(ပ.ပ.ပ)ဆီက ထွက်ပြေးလွတ်မြောက်လာပြီး ၄ ရက်အကြာမှာ ကိုစံတင်ထွန်းရဲ့ ရည်းစားကို မင်းကင်း ပ.ပ.ပ လုံးက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
SRF တပ်ဖွဲ့ခေါင်းဆောင် ကိုစံတင်းထွန်းက ဇူလိုင်လ ၇ ရက်နေ့က ဖမ်းဆီးထားတဲ့ ပ.ပ.ပ လုံးဆီကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သူထွက်ပြေးလွတ်မြောက်လာခဲ့ပြီးနောက် ဇူလိုင်လ ၁၁ ရက် နေ့လယ်ပိုင်းမှာပဲ ကိုစံတင်ထွန်းရဲ့ ရည်းစားဖြစ်သူ မဇွန်ပွင့်ဖြူကို ပန်းသေး(ဒေသအခေါ် ပသေး)ရွာက သူ့နေအိမ်မှာပဲ မြို့နယ် ပ.က.ဖအဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဖြစ်စဉ်သိသူ ဒေသခံက ပြောပါတယ်။

“လက်ထိပ်ခတ်၊ အချုပ်ကိုပို့ပြီး ချုပ်နှောင်ထားကြောင်း သိရတယ်။ မဇွန်ပွင့်ဖြူက Grade (12) စာမေးပွဲကို မကြာခင်ရက်ပိုင်းမှာ ဖြေဖို့စောင့်နေတာ။” လို့ အထက်ပါဖြစ်စဉ်သိသူက ပြောပါတယ်။
မဇွန်ပွင့်ဖြူနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သူဟာ မင်းကင်းမြို့နယ်ကျောင်းသားသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
မင်းကင်းမြို့နယ် ပ.က.ဖ၊ ပ.အ.ဖနဲ့ တပ်ရင်း ၂ တို့က မဇွန်ပွင့်ဖြူရဲ့နေအိမ်ကို အမျိုးသမီးရဲဘော် မပါဘဲ လာရောက်ပြီး SRF တပ်ဖွဲ့နဲ့ပတ်သတ်လို့ မေးမြန်းစုံစမ်းမယ်လို့ဆိုကာ ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်လို့ မြေလတ်အသံက မင်းကင်းမြို့နယ် ပကဖ၊ ပအဖတို့ထံ လူမှုကွန်ရက်ကတဆင့်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
SRF ခေါင်းဆောင် ကိုစံတင်ထွန်းကို တပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပွါးနေတဲ့ မင်းကင်းမြို့နယ် ပသုံးလုံးက မေလ ၂၆ ရက်မှာ လုံခြုံရေးအာမခံချက်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ အွန်လိုင်းကနေ သဘောတူညီချက်ရပြီး မြေပြင်မှာတွေ့ဆုံဖို့သွားရာ အညာလယ်ရွာမှာ ပစ်ခက်ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရပြီးနောက် မေလ ၂၈ ရက်နေ့မှာတော့ SRF တပ်ဖွဲ့အနေနဲ့ NUG ကို နိုင်ငံတော်အစိုးရအဖြစ် လက်ခံပြီး မင်းကင်းမြို့နယ်အတွင်းက တော်လှန်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဖို့အပါအဝင် သဘောတူညီချက်(၃)ခု နဲ့ ပြေလည်မှု ရခဲ့သေးတယ်လို့ SRFရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။