မင်းကင်း၊ ဇူလိုင် ၁၄၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ အရက်မူးနေတဲ့ PDF ရဲဘော် ၂ ယောက်က ကင်းစောင့်နေတဲ့ရွာသားကို သတိလစ်မေ့မြောတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်းကင်းမြို့နယ်၊ ပျဉ်တောရွာမှာ ကင်းစောင့်နေတဲ့ ကိုမျိုးဝင်းဆိုသူ အရပ်သားတဦးကို မင်းကင်းမြို့နယ် တပ်ရင်း ၂ PDF ရဲဘော် ၂ ဦးက ဇူလိုင် ၁၁ ရက်နေ့ ညပိုင်းက အရက်မူးပြီး ရိုက်နှက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ညကတည်းက ရဲဘော် ၂ ယောက်က ရိုက်တာ၊ မနက်ကျမှသူက မေ့ရာကနေ မနက် ၈ နာရီလောက်မှ ထနိုင်တာ၊ ညက ၉ နာရီ ၁၀ နာရီလောက်က ရိုက်လိုက်တာ ထင်တယ်။ (မနက်) ၁၁ နာရီလောက်ကျ သူတို့ ဒုတပ်ရင်းမှူးကိုယ်တိုင်လာပြီး မူးလို့ဖြစ်တာပါလို့ ပြောထားခဲ့တာတဲ့” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
ပျဉ်တောရွာကင်းတဲက ရွာနဲ့နီးတာကြောင့် ကင်းစောင့်ဖော်တွေ အိမ်ပြန်သွားချိန် အခုလို ရိုက်နှက်ခံခဲ့ရတာဖြစ်ပြီး၊ ကင်းစောင့်တဲကို တော်ရုံသူ သွားလေ့မရှိတာကြောင့် သူမေ့မြောနေချိန် ဘယ်သူမှ မသိဘဲ၊ မနက်မိုးလင်းမှ သူ့ဟာသူ သတိရပြီး ထလာခဲ့တာလို့ ဆိုပါတယ်။

“တယောက်တည်း ကျန်နေခဲ့တော့ အဲဒီရဲဘော် ၂ ယောက်က သူ့ဆီကိုလာပြီး ပိုက်ဆံချေးတာတဲ့၊ အဲဒီမှာ သူက ပိုက်ဆံ ၃ သောင်း ချေးပေးလိုက်တယ်တဲ့၊ သူအိပ်နေတဲ့အချိန်ကျမှ ဟိုကောင်တွေက အရက်သောက်ပြန်လာပြီး တခါတည်း ဘာမှမပြောဘဲနဲ့ ဝိုင်းထိုးကြတာပေါ့၊ ထိုးပြီးတော့ တခါတည်း ပူခနဲဆို မေ့သွားတာ၊ နောက်နေ့မနက် ၈နာရီမှ ထတာ” လို့ ကိုမျိုးဝင်းနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ကိုမျိုးဝင်းဟာ SRF တပ်ဖွဲ့ရဲ့ အရံတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ကြောင်းနဲ့ အဆိုပါဖြစ်စဉ်ကြောင့် အဲ့ဒီနေ့ကစပြီး ပျဉ်တောရွာသားတွေက ကင်းစောင့်ဖို့ ကြောက်လန့်နေကြပြီး ကင်းမစောင့်ရဲကြတော့ဘူးလို့ ဒေသခံတဦးက ဆိုပါတယ်။
ကင်းစောင့်နေတဲ့ ရွာသားတဦး ရိုက်နှက်ခံရမှုဖြစ်စဉ်နဲ့ပတ်သတ်လို့ မင်းကင်းမြို့နယ် ပကဖတာဝန်ခံထံ မြေလတ်အသံက လူမှုကွန်ရက်ကတဆင့် မေးမြန်းခဲ့ပေမယ့် ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။