မကွေး၊ ဇွန် ၁၄၊ ၂၀၂၃။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ လူတွေမနေထိုင်တော့တဲ့ မြို့စိုးကျေးရွာက လူနေအိမ် ၁၅ လုံးကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၁၃ ရက် မွန်းလွဲ ၃နာရီကျော်မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အင်အား ၅၀ကျော်နဲ့ ကျွန်းချောင်းသဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ (EPC)ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက မြို့စိုးကျေးရွာကိုဝင်ရောက်ပြီး မီးရှို့သွားတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“ရွာရဲ့ကုန်းပေါ်က အိမ် ၁၃ လုံးနဲ့ အောက်ကျင်းက အိမ် ၂ လုံးကို မီးရှို့ခဲ့တာပါ။ EPCစက်ရုံနဲ့ ရွာနဲ့က ကားလမ်းတခုပဲခြားပါတယ်။ ဒီနေ့မနက်ပိုင်းကလည်း ရွာထဲကို ဝင်မွှေသွားသေးတယ်”လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်က (BPI) ဆေးဝါးထုတ်လုပ်ရေးနှင့် မြင်းမွေးမြူရေးတပ် တိုက်ခိုက်ခံရပြီးကတည်းက မြို့စိုးကျေးရွာက ဒေသခံတွေဟာ ရွာထဲမနေထိုင်ရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတာဟာ အခုဇွန်လအထိဖြစ်ပါတယ်။

မြို့စိုးကျေးရွာဟာ အိမ်ခြေ ၁၄၈လုံးရှိပြီး မေလအတွင်းမှာလည်း စစ်ကောင်စီတပ်သားတွေရဲ့ ပထမဆုံးအကြိမ်အဖြစ် မီးရှို့ခံခဲ့ရတာကြောင့် လူနေအိမ် ၅လုံး ပျက်စီးခဲ့ပါသေးတယ်။ မြို့စိုးရွာဟာ BPIတပ်နဲ့လည်း ၂မိုင်ကျော်သာကွာဝေးတဲ့ ကျေးရွာတရွာလည်းဖြစ်ပါတယ်။
လက်ရှိမှာ မြို့စိုးကျေးရွာအပါအဝင် ဆယ်လံ၊ ညောင်လှစတဲ့ကျေးရွာက ဒေသခံတွေဟာ ပုဂံ၊ ညောင်ဦးနဲ့ ဆက်စပ်ရာဒေသတွေဘက်တွေမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

စာတည်း – လင်းဇေ