မြေလတ်အသံ၊ သြဂုတ် ၂၇၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ က စစ်ကော်မရှင်တပ်သား ၁ ဦး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ 8+အညာမြေစစ်ဆင်ရေးအဖွဲ့က သြဂုတ် ၂၆ ရက်မနေ့က ထုတ်ပြန်ပါတယ်။
ဘက်ပြောင်းလာသူဟာ အသက် ၂၃ နှစ်ရှိ စစ်မှုထမ်းအပတ်စဥ် ၁၁ ဆင်း တပ်သားဖြစ်ပြီး သြဂုတ် ၂၁ ရက်မနက် ၁၁ နာရီမှာ ဘက်ပြောင်းလာခဲ့တာလို့ဆိုပါတယ်။
“(ဘက်ပြောင်း) ဝင်လာသူရဲ့နယ်မြေက ဖုန်းနံပါတ်ရပြီးအဆက်အသွယ်လုပ်လာတာနဲ့ ကျနော်တို့အဖွဲ့တွေက ပြန်ဆက်သွယ်ပြီးဝင်လာတာပါ။ ကျနော်တို့ဆီရောက်လာတာနဲ့ စစ်ထဲကိုပါသွားတဲ့အကြောင်းအရာကနေ ပြန်လည် အလင်းဝင်တဲ့ထိ သမိုင်းတွေကိုစစ်ဆေးပြီး ကောင်းစွာထားခဲ့တာပါ”လို့ 8+အညာမြေစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါတပ်သားဟာ စစ်မှုထမ်းအပတ်စဥ် ၁၁ ကိုစစ်သင်တန်း ၃ လတက်ရောက်ခဲ့ပြီးနောက် တပ်မ ၁၀၁ ကို တာဝန်ကျလာခဲ့ချိန် လက်နက်တွေမပါဘဲ ခုလိုထွက်ပြေးလာတာလို့ ဆိုပါတယ်။
အဆိုပါတပ်သားကို 8+အညာမြေစစ်ဆင်ရေးအဖွဲ့က ၃ ရက်ကြာ လူ့အခွင့်အရေးသင်တန်း သင်ကြားပို့ချပေးခဲ့ပြီးနောက် လက်ရှိမှာ ၎င်းကို တခြားတော်လှန်ရေးအဖွဲ့တွေနဲ့အဆက်အသွယ်လုပ်ပြီး နေရပ်ကိုပြန်ပို့ပေး လိုက်ပြီလို့ ဆိုပါတယ်။
8+အညာမြေစစ်ဆင်ရေးအဖွဲ့ဟာ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်တို့မှာ စစ်ရေးလှုပ်ရှားမှုတွေလုပ်နေတဲ့အဖွဲ့လို့ သိရပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄၊ စစ်ရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၄၊ တနှစ်တာအတွင်း စစ်ကော်မရှင်တပ်သား ၄၂၅ ဦး၊ ရဲ ၁၄၂ ဦး စုစုပေါင်း ၅၆၇ ဦး အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း



