ထန်းတပင်၊ မေ ၈၊ ၂၀၂၆။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သစ်ချောက်ခင်ကျေးရွာနဲ့ ထန်းတပင်မြို့နယ်၊ ဖွားအေစုရွာအစပ်က လှေဆိပ်ဗုံးကြဲခံရပြီး ပြည်သူ ၆ ဦးသေဆုံးခဲ့တယ်လို့ ဖြူးမြို့နယ်ပကဖတာဝန်ရှိသူဆီက သိရပါတယ်။
မေလ ၇ ရက် နေ့လယ် ၁၂ နာရီကျော်မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၂ စီး၊ အသေခံဒရုန်း၊ Mi 35 ရဟတ်ယာဉ်တွေနဲ့ ဖွားအေစုရွာအပြင်ဘက်ရှိလှေဆိပ်ကို ၄ ကြိမ်ထက်မနည်း ပစ်ခတ်ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
“အဲ့နေရာလေးမှာ လှေဆိပ်ဆိုတော့ စျေးဆိုင်လေးရှိတယ်။ လှေဆိပ်ရဲ့သဘာဝ စျေးဆိုင်လေးရှိတော့ ဆိုင်ပိုင်ရှင်ကာ ကုန်ပစ္စည်းတွေလာတိုက်တဲ့ ဂွန်ဒေါင်း(ထော်လာဂျီ)မောင်းသူတွေကောရှိနေချိန် လာကြဲတာ။ ဂွန်ဒေါင်းသမားတွေကောဆိုင်ပိုင်ရှင်ကော လှေဆိပ်ရှိနေသူတွေပါကုန်တာ”လို့ ဖြူးမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။


ဗုံးကြဲမှုကြောင့် အသက် ၁၀ နှစ်အောက် ကလေး ၂ ဦး၊ ဂွန်ဒေါင်းသမားနဲ့ လှေသမားတွေဖြစ်တဲ့ အသက် ၂၅ နှစ်ကနေ ၅၀ ကြားတွေဖြစ်တဲ့ ကိုဇော်ဝင်းထွဋ်၊ ကိုသံခဲ၊ ကိုစိုင်းကိုကို၊ ကိုဝကြီးတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စျေးဆိုင်ပိုင်ရှင်တွေအပါအဝင် လှေစောင့်နေသူတွေဖြစ်တဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး စျေးဆိုင်နဲ့ ထော်လာဂျီအချို့ ပျက်စီးပါတယ်။
မေလ ၃ ရက်ကလည်း ထန်းတပင်မြို့နယ်၊ ငါးဆီလှောင်၊ ဇလုပ်ကြီး၊ ဖွားအေစုရွာတွေ လေကြောင်းကနေဗုံးကြဲခံရပြီး ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း