ဆိပ်ဖြူ၊ ဩဂုတ် ၂၉၊ ၂၀၂၆။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထိန်ကန်နဲ့ တမာချောင်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တဲ့အတွက် PDF အပါအဝင် ၂ ဦးသေဆုံးတယ်လို့ တမာချောင်းရွာခံတွေဆီက သိရပါတယ်။
ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့မနက် ၈ နာရီခန့်က အဲဒီကျေးရွာတွေကို ရောက်နေတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေက ကျေးရွာ နှစ်ရွာကြား PDF အဖွဲ့တွေရဲ့ ရှေ့တန်းကင်းစခန်းနေရာကို ဒရုန်းနဲ့တကြိမ်၊ ညနေ ၄ နာရီခန့်မှာ နောက်ထပ်ရှေ့တန်းကင်းစခန်းနေရာကို ဒရုန်း ၂ စီးနဲ့ နှစ်ကြိမ် ဗုံးချခဲ့တာလို့ ဆိုပါတယ်။
“မနက်ပိုင်းတကြိမ်ချတာမှာ တကြိမ်ထိတာပဲ။ ခ–တွေတက်လာမလားဆိုပြီး သွားကြည့်တဲ့နေရာပေါ့။ ရှေ့ကင်းလို့ပြောရမယ်။ အဲတည့်တည့်ကိုကျတာ။ အဲမှာက ပြည်သူကျတာ။ ရဲဘော်ဒဏ်ရာရတယ်။ ပြည်သူကရဲဘော်တွေနဲ့ အဖော်လိုက်သွားတာ။ ညနေပိုင်းကျ တခေါက်ကို အသီးနှစ်လုံးနဲ့ တကြိမ်ချတယ်။ အဲမှာဘာမှမဖြစ်ဘူး။ နောက် ၁၀ မိနစ်နေလာထပ်ချတာမှာ ရဲဘော်ထပ်ထိတာ”လို့ တမာချောင်ရွာခံတဦးက ပြောပါတယ်။
ဒရုန်းဗုံးထိမှန်လို့ တမာချောင်ရွာသား အသက် ၂၁ နှစ်အရွယ် ကိုအောင်ကြီးဆိုသူနဲ့ သိန်းငှက်နက် တပ်ဖွဲ့က အသက် ၂၂ နှစ်အရွယ် ရဲဘော်တို့သေဆုံးပြီး ပခုက္ကူ ခရိုင်တပ်ရင်း ၁၉ က အသက် ၂၀ ကျော်အရွယ်တပ်ဖွဲ့ဝင် တဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့မှာ ချောက်နဲ့စလင်းဘက်ကို စစ်ကြောင်းထိုးနေတဲ့ရဲကွန်မန်ဒိုစစ်ကြောင်းက အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းဟာ ထိန်ကန်နဲ့တမာချောင်ကျေးရွာထဲကိုရောက်လာပြီး ယနေ့အထိ ကျေးရွာထဲက နေအိမ်တွေမှာ နေထိုင်သလို စားသောက်ရေးအတွက် ရွာခံတွေကျန်ရစ်ခဲ့တဲ့ ကြက်၊ ဝက်တွေ သတ်စားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
စစ်ကြောင်းဝင်လာတာကြောင့် ထိန်ကန်၊ တမာချောင်၊ ကဒက်ကုန်း၊ စိန်ပန်ကုန်း၊ တပင်ကန်ကျေးရွာတွေက ဒေသခံပြည်သူ ၅၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စာတည်း-စိုးဦး