စဥ့်ကူး၊ နိုဝင်ဘာ ၇၊ ၂၀၂၅။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်ဘေးရှောင်တွေခိုလှုံနေကြတဲ့ စာသင်ကျောင်းနဲ့ နောက်ကျေးရွာတရွာတို့ကို စစ်ကော်မရှင်တပ်က နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းအချိန်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၄ ဦး သေဆုံးခဲ့တယ်လို့ စဉ့်ကူးမြို့နယ်ပကဖထံက သိရပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့ ဒီနေ့ မွန်းလွဲ ၁၂ နာရီမှာ ရွှေပြည်ရွာရှိ စစ်ရှောင်ပြည်သူ ၁၀၀ ဦးကျော်နေထိုင်တဲ့ အ.ထ.ကစာသင်ကျောင်းအတွင်းကို စစ်ကော်မရှင်က တိုက်ခိုက်ရေးလေယာဥ် ၁စီးနဲ့ ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲခံရမှုမှာ သက်ကြီးပိုင်းစစ်ရှောင်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့သေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ ဆိုပါတယ်။


“AS(Airstrike)လုပ်တဲ့ နေရာတွေက မတ္တရာကနေ စစ်ရှောင်လာတဲ့ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေ ရှိတဲ့နေရာတွေကို ပစ်သွားတာပါ။ ထိခိုက်ဒါဏ်ရာရတွေထဲမှာ ကလေး သူငယ်တွေပါတယ်”လို့ စဉ့်ကူးမြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
အလားတူ ရွှေပြည်ကျေးရွာရဲ့ အနောက်ဘက်က ညောင်ကုန်းကျေးရွာကိုလည်း နေ့လည် ၁ နာရီကျော်မှာတိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ရှောင်အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၅ ဦးဒဏ်ရာရရှိကာ လူနေအိမ် ၁ လုံးပါပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ရွှေပြည်နဲ့ ညောင်ကုန်းကျေးရွာတို့ဟာ မန္တလေး-မတ္တရာ-မိုးကုတ်ကားလမ်းမပေါ်မှာတည်ရှိပြီး ယခင်ကစစ်တပ်အထိုင်ချတပ်စွဲခဲ့တဲ့ကျေးရွာတွေ ဖြစ်ပါတယ်။


၁၀၂၇ စစ်ဆင်ရေးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေကသိမ်းယူခဲ့ပြီး လက်ရှိအချိန်အထိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပါတယ်။
ယမန်နေ့နိုဝင်ဘာ ၆ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းနဲ့ ဆင်းမွှေးကျေးရွာတို့ကို တိုက်ခိုက်ရေးလေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – မြတ်